မွန်ပြည်သစ်နဲ့ ကေအဲန်ယူ ပစ်ခတ်မှုဖြစ်
2016.12.21

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကြောင်လျှာကွင်းရွာအနီးမှာ မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်း အရုံး KNU တပ်ဖွဲ့တွေ နယ်မြေအငြင်းပွား မှုကြောင့် မနေ့က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
ကေအဲန်ယူရဲ့တပ်ရင်း ၁၆ နဲ့ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်ဝင်းလှ က ပြော ပါတယ်။
"ပစ်ခတ်မှုတော့ဖြစ်ခဲ့တယ်၊ ကေအဲန်ယူတပ်ရင်း ၁၆ အဖွဲ့လို့သိရတယ်၊ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိဘူး၊ သူတို့ဘက်ကတော့ မသိရသေးဘူး၊ နယ်မြေအငြင်းပွားမှုပေါ့နော်၊ အစိုးရကသတ်မှတ်တဲ့ နယ်မြေမဟုတ်ဘူး၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း ကိုယ့်အုပ်ချုပ်ရေးနယ်မြေ၊ သူ့အုပ်ချုပ်ရေးနယ်မြေဆိုပြီး သတ်မှတ်ထားတဲ့ဟာရှိတယ်"
တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်ဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုမှာ KNU ဘက်က တစ်ယောက် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးဝါးကုသခံယူနေတယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အဲဒီပစ်ခတ်မှု ကို နှစ်ဘက်ခေါင်းဆောင်တွေပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ထံ တင်ပြထားတယ် လို့ သိရပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ကြား နယ်မြေအငြင်းပွားမှုပြဿနာကို ဖြေရှင်းနိုင်ရေး အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ က နှစ်ဖက်ထိပ်ပိုင်းခေါင်ဆောင်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နှစ်ဖက်ပူးတွဲ ညှိနှိုင်းရေးကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ သဲချောင်းဖျားကျေးရွာအနီးမှာ မွန်ပြည်သစ်ပါတီ NMSPနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။