တပ်နဲ့ မွန်ပြည်သစ်တိုက်ပွဲကြောင့် ဒုက္ခသည် ၅ဝဝ နီးပါး ထိုင်းမှာခိုလှုံနေရ


2019.11.28
mon-villagers-flee-622.jpg ကရင်ပြည်နယ် ဘုရားသုံးဆူဂိတ်အနီးမှာ အစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီတပ်တွေ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးခိုလှုံနေရတဲ့ ရွာသားတွေကိုတွေ့ရစဉ်
Photo: Citizen Journalist

မြန်မာအစိုးရတပ်တွေနဲ့ မွန်ပြည်သစ်ပါတီတပ်တွေအကြား စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံ မွန်တိုင်းရင်းသားတွေဟာ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် ဆောင်ခလဘူရီနယ်ထဲကို ဆက်ပြီးထွက်ပြေးလာနေ ကြဆဲဖြစ်တယ်လို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာက ရေးသားပါတယ်။

ထိုင်းနယ်စပ် ဘုရားသုံးဆူဂိတ်အနီး မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဂျပန်ရေတွင်းကျေးရွာတဝိုက်ကို မနေ့ မနက်က တပ်မတော် နယ်ခြားစောင့်တပ်ဖွဲ့ BGF က ဝင်ရောက်စစ်ဆေးရာက တိုက်ပွဲစတင်ခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုရှိပြီး အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ နယ်စပ်ကလာတဲ့ မွန်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မနေ့က ညနေပိုင်းမှာ တိုက်ပွဲတွေ ရပ်သွားပေမယ့် နယ်မြေအတွင်း တင်းမာမှုရှိနေဆဲဖြစ်တယ်လို့ နယ်မြေခံသတင်းတွေကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းက ရေးပါတယ်။

ထွက်ပြေးလာတဲ့ မွန်ပြည်သူတွေကို ဆောင်ခလဘူရီခရိုင် အကြီးအကဲနဲ့ နယ်ခံ ကြက်ခြေနီအဖွဲ့တွေက လူသားချင်းစာနာမှု အကူအညီတွေကိုပေးထားပြီး ဝပ်တော်တန်း ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးခိုလှုံနေသူ ဒုက္ခသည် ၄၄၇ ဦးရှိတယ်လို့ သိရပါတယ်။ တခြား ဒုက္ခသည် ၁၁၇ ဦးကတော့ ထိုင်းအာဏာပိုင်တွေ ပေးတဲ့ ယာယီစခန်းမှာ နေဖို့ ငြင်းဆိုကြပြီး မြန်မာနိုင်ငံဘက်ကို ပြန်မယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲတွေကြောင်း ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ယာယီပိတ်ထားရပြီး ထိုင်းဘက်ကနေ မြန်မာဘက်ကို သွားမယ့် ထိုင်းနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက တားမြစ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။