NLD ပြောခွင့်ရသူနည်းပါးမှု လေ့လာသူတို့အံ့အားသင့်


2020.03.02

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကို ပြောရေးဆိုခွင့် မပေးတော့ဘဲ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကပဲ ပါတီကိုယ်စားပြုဖြေဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် (CEC) အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတ်မှတ်ထားတာက ဒေါက်တာ မျိုးညွန့်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ပါ။

သူတို့နှစ်ယောက်ထဲမှာ ဒေါက်တာ မျိုးညွန့်တစ်ယောက်ပဲ သတင်းမီဒီယာတွေဘက်က ဆက်သွယ်ရ လွယ်ကူပါတယ်၊ အခု ဒေါက်တာ မျိုးညွန့်က ပြောရေးဆိုခွင့်မရှိတော့ဘူးဆိုတော့ မီဒီယာတွေအတွက် သတင်း သိနိုင်မှု ဆုံးရှုံးသွားတော့မယ်လို့ ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်က သုံးသပ်ပါတယ်။

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အလုပ်များတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် သွေးကင်ဆာဖြစ်လို့ ဆေးကုနေရတဲ့သူပါ။

အလုပ်များတဲ့သူကို ပါတီရဲ့ပြောဆိုခွင့်ပေးတာဟာ NLD ပါတီမှာ မီဒီယာဆိုင်ရာမူဝါဒမရှိတဲ့ သဘောပဲလို့ ပြောတာက မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဇေယျာလှိုင်ပါ။

ဇန်နဝါရီလဆန်းပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာလုပ်တဲ့ ကွယ်လွန်သူ ရှေ့နေ ဦးကိုနီ အောက်မေ့ခြင်းအခမ်းအနားမှာ ဦးကိုနီအတွက် လက်စားချေတဲ့အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ကြဖို့ ဒေါက်တာ မျိုးညွန့် က ပြောခဲ့ပါတယ်။

အဲ့ဒီလိုပြောခဲ့လို့များ ဒေါက်တာ မျိုးညွန့်ကို ပြောရေးဆိုခွင့်မပေးတော့တာလားဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေတာပါ။ ဒီအချက်ဟုတ် / မဟုတ်ဆိုတာ ဒေါက်တာ မျိုးညွန့် ကိုယ်တိုင်ကတော့ ထုတ်မပြောပါဘူး။

ဒေါက်တာ မျိုးညွန့်ကို RFA ကဒီကနေ့ ဆက်သွယ်တဲ့အခါမှာလည်း ဒေါက်တာ ဇော်မြင့်မောင်ကိုပဲ မေးဖို့ ဖြေဆိုပါတယ်။

အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခကတော့ ဒီမိုကရေစီကို ဦးဆောင်မယ့် ပါတီကိုယ်တိုင်က သတင်းအမှောင်ချနေသလို လုပ်ဆောင်တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

NLD ပါတီအနေနဲ့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူကို အလုပ်မများတဲ့ အခြားတစ်ယောက်ယောက်ကို ရွေးချယ် ခန့်သင့်တယ်လို့လည်း မောင်ဆောင်းခက ဆိုပါတယ်။

ပါတီဘက်ကို ဆက်သွယ်ဖို့လိုတဲ့အခါ အလုပ်အမှုတောင်အဖွဲ့ အစည်းဝေးတွေနဲ့ အလုပ်ရှုပ်နေတဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းပြီး သတင်းမီဒီယာကို ဖြေပေမယ့်အချိန်ကို စောင့်ရမယ့်သဘော ရှိနေပါတယ်။

RFA က ဒီနေ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်တဲ့အခါမှာ ဖုန်းစက်ပိတ်ထားပြီး ကိုယ်ရေးအရာရှိကို ဆက်သွယ်တဲ့အခါ အစည်းအဝေးလုပ်နေတယ်လို့သာ ပြန်ဖြေပါတယ်။

လက်ရှိပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဇော်မြင့်မောင်ကို ဆက်သွယ်ရခက်လည်း ဗဟိုပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင်က ဖြေဆိုပေးနေလို့ မခက်ခဲနိုင်ဘူးလို့ ပြောတာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ပါ။

မီဒီယာတွေ ချက်ခြင်းမေးလို့ရနေတဲ့သူကို ပြောဆိုခွင့်မပေးတော့တဲ့အတွက် သတင်းအမှား/ အမှန် ခွဲခြားရမယ့် ကိစ္စတွေ NLD ပါတီရဲ့ သဘောထားတွေကို သိနိုင်ဖို့ ပိုပြီးတော့ခက်ခဲလာမယ့်အပြင် ဒီနှစ်ထဲမှာကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ သတင်းတွေအတွက်လည်း ပိုပြီး ခက်ခဲလာမယ့်အရေးကို သတင်းမီဒီယာတွေဘက်က စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။