ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့ ပြန်လွတ်

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းချခံနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အလုပ်အမှုဆောင် ဒေါက်တာ မျိုးညွန့်နဲ့ ရွှေညဝါဆရာတော်၊ စာရေးဆရာ မောင်သာချိုတို့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့် အမိန့်နဲ့ နိုဝင်ဘာ ၁၇ ရက်နေ့၊ နေ့လယ် ၂ နာရီက ပြန်လွတ်လာကြတယ်လို့ အကျဉ်းထောင်ရှေ့ကို ရောက်ရှိနေသူတွေက ပြောပါတယ်။
သူတို့အားလုံးကို ခံဝန်လက်မှတ်ထိုးဖို့အတွက် ထောင်အာဏာပိုင်တွေ စီစဉ်ထားတဲ့ ဘတ်စ်ကားတွေနဲ့ သက်ဆိုင်ရာ ရဲစန်းတွေမှာ ပို့ဆောင်ဖို့စီစဉ်နေတယ်လို့ ဒေါက်တာ မျိုးညွန့် မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"ခုနတုန်းက ပြန်လွတ်လာပြီလို့ ဖုန်းဆက်တယ်၊ ကျနော်တို့ သွားကြိုမလို့ ရဲစခန်းကို၊ ကားတွေနဲ့ လိုက်ပို့မယ်ဆိုတော့ တစ်မြို့နယ်ပြီးမှ တစ်မြို့နယ်ကို ပို့မှာ ထင်တယ်"
ဒီနေ့ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သူ့အနေနဲ့ ဘယ်လိုအခြေအနေမျိုးကိုပဲ ရောက်ရောက် မြန်မာပြည်သူတွေနဲ့အတူရှိနေမယ်လို့ အကျဉ်းထောင်ရှေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
သူတို့လေးဦးဟာ စစ်အာဏာသိမ်းထားတဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် လေးနာရီကျော်မှာ တစ်ပြိုင်နက်တည်း ဖမ်းဆီးခံထားရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါက်တာ မျိုးညွန့်ဟာ ပုဒ်မ - ၅၀၅ (ခ)နဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး စာရေးဆရာ မောင်သာချိုက ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရတာပါ။
၈၈ ကျောင်းသား ခေါင်းဆောင် ကိုမြအေးကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က တရုတ်နိုင်ငံသားတစ်ဦးနဲ့ အီးမေးလ်ကနေ ဆက်သွယ်ပြောဆိုခဲ့တယ်လို့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ပုဒ်မ - ၅၀၅ (ဂ) နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။
ဒီနေ့ အင်းစိန်ထောင်က ပြန်လွတ်လာသူတွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံထားရသူတွေထဲက ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် တချို့နဲ့ NLD ပါတီရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတချို့အပြင် NLD အစိုးရလက်ထက် ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်လည်း ပါဝင်တယ်လို့ အင်းစိန်မြို့နယ်က ဒေသခံတွေက ပြောပါတယ်။