ဆိပ်ဖြူမြို့နယ် NLD ပါတီဝင်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင် ကိုသော်ဇင်ဦးကို စက်တင်ဘာလ ၂၃ ရက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်က စက်တင်ဘာလ ၂၂ ရက်မှာ အနောက်ကမ်းဖြူရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအတွင်းမှာရှိတဲ့ အသက် ၃၅ နှစ်အရွယ် ကိုသော်ဇင်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် ကိုဝင်းထိုက်အောင်တို့ကို ကြိုးနဲ့တုပ်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းတွေ ဝင်တဲ့အချိန် သူတို့က ရွာထဲမှာကျန်နေခဲ့တာ။ သူ့ကို အိမ်ထဲမှာ မိသွားတာ။ အဲမှာ နှစ်ယောက်မိတာ။ နှစ်ယောက်လုံးကို ကြိုးနဲ့တုပ်သွားတယ်"
ရွာထဲကနေ စစ်ကောင်စီတပ်တွေ ပြန်ထွက်ပြီး ကိုဝင်းထိုက်အောင်ကို စက်တင်ဘာ ၂၄ ရက်မှာ ကြိုးတုပ်လျက်တွေ့ရှိပြီး စက်တင်ဘာ ၂၅ ရက်မှာ ကိုသော်ဇင်ဦးရဲ့ ရုပ်အလောင်း ကို အနောက်ကမ်းဖြူရွာနဲ့ ဝဲမရွာအကြား တောထဲမှာတွေ့ရှိခဲ့တာလို့ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။
"ကိုသော်ဇင်ဦး အလောင်းကို တွေ့တဲ့အချိန်မှာ လက်ပြန်ကြိုး တုပ်ထားတယ်။ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ နောက်စိကနေပြီးတော့ သေနတ်နဲ့ ပစ်သတ်လိုက်တယ်။ အလောင်းရဲ့ အနေအထားအရ အဲလို တွေ့ရတယ်"
စစ်ကောင်စီတပ်သားတွေက ကိုသော်ဇင်ဦး ဖုန်းကို စစ်ဆေးတဲ့အချိန်မှာ ဆန္ဒပြခဲ့တဲ့ပုံတွေ၊ NLD ပါတီ ထောက်ခံတာတွေ တွေ့လို့ တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ပြီးနောက် သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုသော်ဇင်ဦးရဲ့ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာတွေကို တွေ့ရပြီး မျက်လုံးတစ်ဖက်က ရှေ့ကို စူထွက်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့အမည်ကို မသိရဘူးလို့ သူတို့က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီ မကွေးတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးပိုင်မြင့်ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
အနောက်ကမ်းဖြူရွာမှာ အိမ်ခြေ ၄၀၀ နီးပါးနဲ့ လူဦးရေ ၁၅၀၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီ တပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
NLD ပါတီကပြုစုထားတဲ့စာရင်းတွေအရ ကိုသော်ဇင်ဦး အပါအဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း NLD ပါတီဝင် ၅၆ ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။