လှေစီးဒုက္ခသည်တွေ လူ့အခွင့် အရေး ခံစားထိုက်ကြောင်း NLD ပြော
2015.05.18

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက လှေစီးဒုက္ခသည်တွေဟာ လူ့အခွင့် အရေးနဲ့ ထိုက်တန်ကြောင်း မနေ့က ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ ဆုံဆွေးနွေးပွဲပြင်ပမှာ ဦးဉာဏ်ဝင်းက သတင်းမီဒီယာတွေ ကို ပြောဆိုခဲ့တာပါ။
သူတို့ကို လက်မခံနိုင်တာနဲ့ မြစ်ထဲ၊ ပင်လယ်ထဲ တွန်းလွှတ်လို့မဖြစ်ပါဘူး၊ သူတို့ဟာ လူတွေဖြစ်ပါတယ်၊ ကျနော့အနေနဲ့ သူတို့ဟာ လူ့အခွင့်အရေးရရှိခံစားသင့် တဲ့ လူသားတွေလို့ပဲမြင်ပါတယ်လို့ ပြောကြားခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။
ဒီအတွင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က မြန်မာအစိုးရက ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတာတွေ ရပ်ဆိုင်းဖို့ ဝိုင်းဝန်းဖိအားပေးသင့် တယ်လို့ မနေ့က ပြောလိုက်ပါတယ်။
သူရဲ့ ကမ္ဘာ့ခေါင်းဆောင်များသို့ လက်ရွေးစင် ပေးစာများ အတွဲ (၂) စာအုပ် ဖြန့်ချီတဲ့ အခမ်းအနားမှာ သတင်းထောက်တွေရဲ့မေးခွန်းကို ဖြေကြားခဲ့တာပါ။
မြန်မာအစိုးရက ရိုဟင်ဂျာတွေကို ဘာကြောင့် လက်မခံနိုင်ရတာလဲ၊ သူတို့အဲဒီမှာ နေလာခဲ့ကြတာ ရာစုနှစ်တွေနဲ့ ချီနေပါပြီ၊ မြန်မာအစိုးရအနေနဲ့ သူတို့အပေါ် မျှမျှတတ ဆက်ဆံလာအောင် မလေးရှားက ဆောင်ရွက်သင့်တယ် လို့ ပြောဆိုခဲ့ပြီး၊ ဒါဟာ သူတစ်ပါးပြည်တွင်းရေးဝင်စွက်တာ မဟုတ်ကြောင်း၊ ဒီကိစ္စ ဟာ ပြည်တွင်းရေးကိစ္စ သက်သက် မဟုတ်တော့ဘဲ ဒေသတွင်းက နိုင်ငံတိုင်းအပေါ် သက်ရောက်မှုတွေ ရှိလာနေပြီ ဖြစ်ကြောင်း မလေး ရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် က ပြောပါတယ်။