ဧရာ၀တီတိုင်း NLD လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးပြန်လွတ်
2024.01.04

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ဧရာ၀တီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ဇန်နဝါရီလ ၄ ရက် ဒီနေ့မှာ ပုသိမ်အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက်လာပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း ပုသိမ်အကျဉ်းထောင်မှာ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးက ပြောပါတယ်။
“ဒေါက်တာလှမြတ်သွေး ပြန်လွတ်လာတာဟုတ်တယ်။ အာဏာစသိမ်းတုန်းကတော့ အကျယ်ချုပ် အရင်ထားတာပေါ့ သူ့ကို။ ၂၀၂၂ နှစ်ကုန်ပိုင်းမှာမှ ပုသိမ်ထောင်ထဲကို ရောက်လာတာ။ အခုကတော့ လွတ်နီးနဲ့ ပြန်လွှတ်ပေးလိုက်တာ။ တိုင်းအစိုးရအဖွဲ့ထဲ လွတ်ဖို့ သူတစ်ယောက်ပဲ ကျန်တော့တာ။ နောက်အမှုတွေ ထပ်မကပ်ဘဲ လွတ်လာတာ ဝမ်းသာရတယ်”
သူဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဧရာ၀တီတိုင်းအစိုးရ အဖွဲ့ဝင်တွေနဲ့အတူ ဖမ်ဆီးခံခဲ့ရတာဖြစ်ပြီး အကျယ်ချုပ်ထားရှိရာကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ပုသိမ်အကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့ခံခဲ့ရတာလို့ သူက ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာတော့ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (ခ) နဲ့ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံခဲ့ရတာပါ။
ဒေါက်တာလှမြတ်သွေးဟာ NLD ပါတီ ကိုယ်စားပြုပြီး ရေကြည်မြို့နယ် တိုင်းအမတ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာတော့ ဧရာ၀တီတိုင်းအစိုးရရဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ပုသိမ်အကျဉ်းထောင်ကနေ အကျဉ်းသား ၁၈၀ ကျော်လွှတ်တဲ့အထဲမှာ ဒေါက်တာ လှမြတ်သွေးအပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား နှစ်ဦးလည်း လွတ်မြောက်ခဲ့ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ် ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး ကနေ ပြစ်ဒဏ်ကချခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်တွေလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုကြောင်း ဒီနေ့မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းတွေအရ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ နှစ်သောင်းနီးပါး (၁၉,၉၃၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင် ကျော် (၈၄၅၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။