NLD လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို စွမ်းဆောင်ရည် စိစစ်မည်
2017.03.15

Photo: Kyaw Lwin Oo/RFA
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ရည်တွေကို လာမယ့် ဧပြီလအတွင်း စိစစ်သွားမယ်လို့ NLD ပါတီရဲ့ စွမ်းဆောင်ရည် စိစစ်ရေးအဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်နဲ့ တိုင်း အစိုးရအဖွဲ့ဝင်တွေကို မေးခွန်းတွေ မေးမြန်းပြီး အကဲဖြတ်မယ့်အပြင် သူတို့နဲ့ သက်ဆိုင်တဲ့ အလုပ်အမှုဆောင်အဖွဲ့တွေရဲ့ သုံးသပ်ချက်ကိုပါ ရယူပြီး စိစစ် သွားမယ်လို့ စွမ်းဆောင်ရည် စိစစ်ရေးအဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။
"အဓိကကတော့ ကျနော်တို့ မေးခွန်းများ မေးမြန်းပြီး မေးခွန်းများ ပြန်လည် ဖြေကြားတာကို ကျနော်တို့ စိစစ်ကြည့်မယ်။ နောက်တစ်ခါ ဒီလွှတ်တော်ကိုယ်စားလှယ်အပေါ်မှာ သက်ဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့ရဲ့ သုံးသပ်ချက်၊ သူတို့ရဲ့ တင်ပြချက်ကိုလည်း ရယူမယ်။ အဲဒီလို နည်းလမ်း နှစ်ခုနဲ့ ကျနော်တို့ ဆုံးဖြတ်ပြီးတော့ ကျနော်တို့ မေးမြန်းရမယ့် မေးခွန်းအမျိုးအစားတွေကို ပြုစုပါတယ်။ အဲဒါတွေကို အတည်ပြုပြီးတော့ အထက်ကို တင်ပြထားတယ်။"
ပါတီက တာဝန်ပေးထားသူတွေအနေနဲ့ ပေးအပ်ထားတဲ့ တာဝန်ကို ဘယ်လောက် ကျေပွန်အောင် ထမ်းဆောင်နိုင် လဲဆိုတာနဲ့ ဘယ်လိုအခက်အခဲတွေ ရှိနေလဲဆိုတာကို သိလိုတဲ့အတွက် အခုလို စိစစ်မှာဖြစ်တယ်လို့လည်း ပြော ပါတယ်။
စိစစ်ချက်တွေကို သက်ဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်ရည် မှတ်တမ်းအဖြစ် ပါတီမှာ သိမ်းဆည်းထားမှာ ဖြစ်ပေ မယ့် အရေးယူတာမျိုးရှိမှာ မဟုတ်တဲ့အပြင် အောင်မြင်မှု ကျရှုံးမှုကိုလည်း တိုင်းတာသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
NLD ပါတီရဲ့ စွမ်းဆောင်ရည် စိစစ်ရေးအဖွဲ့ကို ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ဦးဆောင်ပြီး ၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၊ ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ဥက္ကဌ ဦးတင်ထွဋ်ဦးနဲ့ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ တို့ ပါဝင်ပါတယ်။
စိစစ်ရေးလုပ်ငန်းတွေကို လာမယ့် ဧပြီလ သြင်္ကန်မတိုင်ခင် ဒါမှမဟုတ် သြင်္ကန်ကာလအပြီးမှာ စတင်ဆောင် ရွက်မယ်လို့ သိရပါတယ်။