အန်အယ်လ်ဒီနဲ့ မြန်မာ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေ မနက်ဖြန်တွေ့ဆုံမည်
2015.12.12

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကခေါင်းဆောင်တွေနဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ MPC က တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေရဲ့ ဖိတ်ကြားချက်အရ NLD ပါတီရဲ့ ခေါင်းဆောင်နှစ်ဦး ဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးထွန်းထွန်းဟိန်တို့က သွားရောက်တွေ့ဆုံမှာဖြစ်တယ်လို့ ပါတီဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦဉာဏ်ဝင်းက RFA ကိုပြောပါတယ်။
"အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးကိစ္စအဖြစ်အပေါ်မှာ ကျနော်တို့ အခု NCA လက်မှတ်ထိုးတာက ၈ ယောက်ပဲ ရှိသေးတယ်လေ၊ ကျန်တာတွေ ရှိနေသေးတော့ အဲ့ဒီတော့ ကျန်တာတွေကို လက်မှတ်ထိုးဖို့ တိုက်တွန်းမယ်ပေါ့နော် ကျနော်တို့ ဒီလို စိတ်ကူးပါတယ်၊ ငြိမ်းချမ်းရေးကိစ္စဟာ ရပ်နေလို့မရပါဘူး၊ ဆက်ပြီးတော့ လုပ်သွားရမယ်လို့ ကျနော်တို့ အဲ့ဒါသဘောပေါက်ထားပါတယ်"
NLD ပါတီ အနေနဲ့ NCA လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နှက်ကိုင် အဖွဲ့တွေကို လက်မှတ်ရေး ထိုးဖို့အတွက် တိုက်တွန်းသွားမှာဖြစ်သလို တွေ့ဆုံဆွေးနွေးသွားဖို့တွေလည်း ရှိတယ်လို့လည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ဟာ လက်ရှိအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA လက်မှတ် ရေးထိုး ထားပေမယ့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO)၊ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်(TNLA) ၊ မွန်ပြည်သစ်ပါတီ (NMSP) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၁) ဖွဲ့တွေက NCA မှာ လက်မှတ်ရေးထိုးထားခြင်းမရှိပါဘူး။
အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ တာဖြစ်ပါတယ်။
ဦးဉာဏ်ဝင်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။