တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို တိုင်ကြားထားမှု စတင်စစ်ဆေး


2019.01.31
dr-lelemaw-622.jpg တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို တွေ့ရစဉ်
Photo: RFA

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဟာ ဆွေမျိုးနီးစပ်သူတွေကို လုပ်ပိုင်ခွင့်ချထားပေးတာ၊ ကိုယ်ရေးအရာရှိ ခန့်အပ်တာစတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး NLD ပါတီဗဟိုထံ တိုင်ကြားခံထားရတာကို စတင်စစ်ဆေးနေပြီလို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က RFA ကို ဒီနေ့ ပြောပါတယ်။

တနင်္သာရီဝန်ကြီးချုပ်ကို စုံစမ်းစစ်ဆေးပေးဖို့ ဒေသခံ ၄၅ ဦးက တိုင်ကြားခဲ့တာလို့သိရပြီး တိုင်ကြားစာပါအချက်တွေနဲ့ ပတ်သက်လို့ တိုင်ကြားသူတွေကို ရန်ကုန်မြို့ NLD ပါတီဗဟိုဌာနချုပ်ရုံးမှာ ဒီနေ့ စတင်ခေါ်ယူစစ်ဆေးမေးမြန်းတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း NLD ပါတီဥက္ကဌ နဲ့ NLD ပါတီ CEC ဖြစ်သူ ဦးအောင်စိုးနဲ့  ခယ်မတော်စပ်တဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ဟာ ဦးအောင်စိုးရဲ့ သမီးဖြစ်သူ ဒေါ်ပွင့်ဖြူဖြူအောင် ကို ကိုယ်ရေးအရာရှိ ခန့်အပ်ထားတာဖြစ်ကြောင်း၊ ဒေါ်ပွင့်ဖြူဖြူအောင်ရဲ့ အမျိုးသားဖြစ်သူမှာ ထားဝယ်ခရိုင်အတွင်း သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးဖို့ လုပ်ပိုင်ခွင့်ရထားတဲ့ GGS Global Green Services ကုမ္ပဏီရဲ့ တာဝန်ခံဖြစ်ကြောင်း၊ အဲဒီ GGS ကပဲ တိုင်းအတွင်းက တခြားလုပ်ငန်းတစ်ချို့ကိုလည်း လုပ်ပိုင်ခွင့်ရထားကြောင်း တိုင်ကြားစာအရ သိရပါတယ်။

တိုင်ကြားထားတဲ့အချက်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့သူတွေကို ပါတီဗဟိုဘက်က ဒီနေ့စတင်ခေါ်ယူစစ်ဆေးတာ ဖြစ်ပါတယ်။ ဒီနေ့စစ်ဆေးတာကို သွားရောက်ထွက်ဆိုခဲ့တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က အခုလို ပြောပါတယ်။

"ကျနော်တို့ကတော့ ထွက်ဆိုတယ်ပေါ့၊ ဒါပေမဲ့ အဲဒီထွက်ဆိုတာနဲ့ ပတ်သက်ပြီးတော့ မှန်/မမှန် သူတို့က သိချင်တဲ့ပုံစံနဲ့ မေးမြန်းဖို့ရှိလို့ သူတို့က အဲဒီလူသက်သေကို လိုချင်တာပေါ့၊ အကြောင်းအရာအလိုက် လူသက်သေဘယ်သူရနိုင်မလဲ၊ သူတို့ထပ်သိချင်တာတွေရှိရင် မေးချင်လို့ပေါ့၊ သူတို့လူသက်သေလိုချင်လို့ ကျနော်တို့ ရှာပေးခဲ့တယ်၊ တိုင်ထားတဲ့အကြောင်းအရာထဲက မှန်/မမှန် ဆိုတာက သူတို့အနေနဲ့ စစ်ဆေးရမယ့်ကိစ္စဖြစ်တယ်ပေါ့"


လက်ရှိအစိုးရကို တော်တော်လေးမျှော်လင့်ထားတာကြောင့် အခုလို တိုင်စာပေးပို့ရတာလို့လည်း အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး ကပဲ အခုလိုဆက်ပြောပါတယ်။

"တိုင်စာပို့တယ်ဆိုတာက မုန်းလို့လည်း မဟုတ်ဘူး၊ အခုလက်ရှိအစိုးရကို ကျနော်တို့က အများကြီးမျှော်လင့်ထားတယ်၊ ဒီအစိုးရလက်ထက်မှာ ကျနော်တို့တိုင်းထဲမှာ ဖြစ်နေတဲ့ကိစ္စတွေက တော်တော်လေးပေါ့၊ ကျနော်တို့အနေနဲ့က ဒီအတိုင်းနေ နေလို့မရတော့ဘူးပေါ့၊ ဒီကိစ္စတွေက တော်တော်လေးရှက်စရာ ကောင်းတယ်ပေါ့နော်၊ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ အရေးယူပေးနိုင်မယ့်သူတွေကို ကျနော်တို့က ပို့လိုက်တာပေါ့"

ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ ဆွေမျိုးနီးစပ်သူတွေကို ကိုယ်ရေးအရာရှိခန့်ထားတာ၊ လုပ်ပိုင်ခွင့်တွေ ချပေးတာစတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ဆေးပေးဖို့ ဒေသခံ ၄၅ ယောက်က ပါတီဗဟိုထံ ဒီလနောက်ဆုံးပတ်အတွင်းက တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဒေါက်တာလဲ့လဲ့မော် ကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဒေါက်တာလဲ့လဲ့မော် ကို မြိတ်အခြေစိုက် မီဒီယာတချို့မေးမြန်းရာမှာ သူ့အနေနဲ့ ဆွေမျိုးဖြစ်သူကို ကိုယ်ရေးအရာရှိအဖြစ် ခန့်ထားတာမရှိကြောင်း၊ သူ့တွင် တူ/တူမတွေမရှိဘဲ သားသမီးတွေသာရှိကြောင်း ဖြေကြားထားပါတယ်။

ဝန်ကြီးချုပ်မှာ ကိုယ်ရေးအရာရှိ ၂ ယောက်ရှိတယ်လို့ နားလည်ထားကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင် က ပြောပါတယ်။

"သူ့အမျိုး မဟုတ်ဘူးဆိုတဲ့ သူရဲ့ဖော်ပြချက်အရက မှန်ပါတယ်၊ သူက ကျနော်တို့ ဒေသခံလည်း မဟုတ်ဘူးလေ၊ တစ်ခြားဒေသကနေပြီးတော့ ကျနော်တို့ဆီမှာ အိမ်ထောင်ကျလို့ ရောက်လာတာကိုး၊ ဒေါ်ပွင့်ဖြူဖြူအောင် က သူ့အမျိုးသားနဲ့ပဲ ပတ်သက်တာ၊ သူနဲ့တိုက်ရိုက်ပတ်သက်တာ မဟုတ်ဘူး၊ ကျနော်တို့နားလည်ထားတာ၊ ကျနော်တို့ အားနည်းချက်လည်း ဖြစ်ကောင်း ဖြစ်မှာပါ၊ ကျနော်တို့ သိထားတာ ဝန်ကြီးချုပ်မှာ PSO ၂ ယောက် ရှိတယ်ပေါ့နော်၊ တစ်ယောက်ကတော့ ထွေအုပ်ဘက်ကပေါ့၊ အဲလိုသိထားပါတယ်၊ ကျနော်တို့ဆီကို အများအားဖြင့် ထွေအုပ်ဘက်ကတစ်ယောက်က လာဆက်သွယ်လေ့ရှိပါတယ်"

ဒါ့အပြင် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းဟာလည်း သူ့ရဲ့ကိုယ်ရေးအရာရှိအဖြစ် ညီဖြစ်သူကို ခန့်အပ်ထားကြောင်း တိုင်ကြားစာမှာ ပါရှိတယ်လို့ သိရပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီး ဦးဖြိုးဝင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းရာမှာ ငြင်းဆိုခြင်းမရှိဘဲ အခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဘာမှတော့ တုံ့ပြန်ဖို့မရှိပါဘူး၊ တိုင်တဲ့အပေါ်မှာမှ စစ်ဆေးလို့ရှိရင် သူ့ဟာသူ ထွက်လာမှာပေါ့နော်၊ ပါတီကနေပြီးတော့ ထုတ်ပြန်မှာပါ"


၂၀၁၆ ဧပြီလ ၁ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားတဲ့ ပြန်ကြားချက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေဟာ မိမိတို့ရဲ့ ဇနီး၊ ခင်ပွန်း၊ ညီအစ်ကို၊ မောင်နှမ၊ သားသမီး၊ သားမက်၊ ချွေးမ၊ တူ/တူမ နဲ့ မြေး/မြစ်တွေကို ဌာနဆိုင်ရာအဖွဲ့ အစည်းတွေမှာ ကိုယ်ရေးအရာရှိရာထူးတာဝန်တွေ ခန့်အပ်တာမပြုလုပ်ဖို့နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကိုသာ ဝန်ထမ်းစည်မျဉ်း၊ စည်းကမ်းတွေနဲ့အညီ ရွေးချယ်တာဝန်ပေးဖို့ ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။