NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့် ပြန်လွတ်လာ

2022.01.27
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့် ပြန်လွတ်လာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို တွေ့ရစဥ်
Photo: RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်ကို စစ်ကောင်စီက ဇန်နဝါရီလ ၂၇ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လွှတ် ပေးလိုက်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဒီနေ့ နေ့လယ်ပိုင်း အင်းစိန်အကျဉ်းထောင်ကနေ ဦးဟံသာမြင့်နေအိမ်အထိ စစ်ကောင်စီ ဘက်က လိုက်ပို့ပေးသွားတာလို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးဒိသာမြင့်ကလည်း ဦးဟံသာမြင့် ပြန်လွတ်လာတာ မှန်ကန်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်ကနေတဆင့် ဒီကနေ့ အတည်ပြုထားပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဦးဟံသာမြင့်ဟာ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) နဲ့ အင်းစိန်ထောင် အထူးတရားရုံးကနေ ဒီဇင်ဘာ ၃၀ ရက်မှာ ထောင် ၂ နှစ် ချခံထားရသူဖြစ်ပါတယ်။

ဦးဟံသာမြင့်နဲ့အတူ ၂၀၂၀ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေးအဖွဲ့ ဘဏ္ဍာရေးမှူး ဦးသိန်းဦး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို အပါအဝင် ပါတီဝင် ၅၀ ကျော်ကိုလည်း တစ်နေ့တည်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တာပါ။

ဒါ့အပြင် ပါတီဥက္ကဌဖြစ်သူ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကိုလည်း စစ်ကောင်စီက ဆက် လက်ဖမ်းဆီးထားသလို ထောင်ဒဏ်အသီးသီး ချမှတ်ထားတာတွေလည်း ရှိပါတယ်။

NLD ပါတီရဲ့ အတွင်းရေမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးထား ချိန်အတွင်း ကွယ်လွန်ခဲ့ရသလို ဗဟိုပြန်ကြားရေးအဖွဲ့က မုံရွာအောင်ရှင်ဟာလည်း စစ်ကောင်စီက ပြန်လွှတ်ပေးပြီး မကြာခင် ကွယ်လွန်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။