ပညာရေး ရန်ပုံငွေ ဂီတပွဲတော် ဒီဇင်ဘာလ ၃ဝ မှာ ကျင်းပမယ်
2011.12.26

ဂီတပွဲတော်ကို မရမ်းကုန်းမြို့နယ် မင်းဓမ္မကုန်းမှာရှိတဲ့ Myanmar Convention Center (MCC) မှာ ကျင်းပပါမယ်။ မနက် ၁ဝ နာရီ လောက်ကတည်းက ဈေးရောင်းပွဲတော်နဲ့ စတင်ဖွင့်လှစ်ပြီး ညဉ့်နက် ပိုင်းအထိ ကျင်းပမယ်လို့ ပွဲဖြစ်မြောက်ရေး တာဝန်ယူထားသူ တစ်ဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
ပညာရေး ရန်ပုံငွေ စင်တင်ဂီတပွဲတော် လက်မှတ်စုစုပေါင်း တစ်သောင်းလောက် ရောင်းဖို့ လျာထားပြီး တစ်စောင်ကို ၃ သောင်း၊ ၂ သောင်း၊ ၁ သောင်း၊ ၅ ထောင်နှုန်း အသီးသီး သတ်မှတ်ပြီး ရောင်းချနေတယ်လို့ ဆိုပါတယ်။ ရတဲ့ ရန်ပုံငွေအားလုံးကို တိုင်းရင်းသား နယ်မြေတွေက ကလေးတွေ ပညာရေးအတွက် တိုက်ရိုက် လှူဒါန်းသွားမယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“တိုင်းရင်းသားတွေရဲ့ အရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က မေ့ပျောက်မထားဘူး၊ အစဉ်တစိုက် ကြိုးပမ်းနေတယ် ဆိုတာကို ဒီကိစ္စမှာလည်း တိုင်းရင်းသားတွေရဲ့ ရင်သွေး ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဒီရန်ပုံငွေကို သုံးစွဲမှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားနယ်မြေတွေထဲက အခက်အခဲရှိတဲ့ နေရာတွေကို ကျနော်တို့ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး အဲဒီလူတွေရဲ့ လက်ထဲကို တိုက်ရိုက်လှူဒါန်းသွားမှာပါ”
ဒီဇင်ဘာလ ၃ဝ ဂီတဖျော်ဖြေပွဲမှာ Emperor၊ Metal Zone ၊ Big Bag စတဲ့ နာမည်ကြီး တီးဝိုင်း ၁၂ ခုက တီးခတ်ကြပြီး အဆိုတော် ၅ဝ နီးပါးလောက် ပါဝင် သီဆိုကြမှာပါ။ ဖျော်ဖြေပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ သံရုံးအသီးသီးက ဧည့်သည်တွေကိုလည်း ဖိတ်ကြားထားပါတယ်။ လုံခြုံရေးကို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီ တစ်ခုက ဝန်ထမ်း ၅ဝ ကူညီမှာဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင် အဆင့်ဆင့်ထံလည်း အကူအညီတောင်းဖို့ စီစဉ်နေတယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။