ငါန်းဇွန်မှာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် လူလေးဦး သတ်ဖြတ်ခံရ

RFA Burmese
2024.10.05
ငါန်းဇွန်မှာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအဝင် လူလေးဦး သတ်ဖြတ်ခံရ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့တစ်နေရာကို တွေ့ရစဉ်။
Than Htun Oo nzn

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မိုးတောင်ရွာမှာ မိုးမေတ္တာ ပရဟိတအသင်း ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် လေးဦးကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

မိုးမေတ္တာ ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဦးစိုးဝင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက စက်တင်ဘာလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အဲဒီနေ့မှာပဲ သတ်ဖြတ်လိုက်သလို အသင်းဝင်တွေဖြစ်တဲ့ အသက် ၆၅ နှစ်အရွယ် ဦးကျော်ဝေ၊ အသက် ၅၀ ကျော်အရွယ် ဦးအောင်နိုင်နဲ့ နောက်ထပ်အသင်းဝင်တစ်ဦးကိုတော့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ သတ်ဖြတ်လိုက်တာလို့ ဆိုပါတယ်။

သတ်ဖြတ်ထားတဲ့ ဦးကျော်ဝေနဲ့ ဦးအောင်နိုင်တို့ နှစ်ဦးရဲ့ ခေါင်းဖြတ်ထားတဲ့ ရုပ်အလောင်းတွေကို မိုးတောင်ရွာရဲ့ အမှိုက်ပုံမှာ လာရောက်စွန့်ပစ်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာ အမှိုက်ပုံမှာ လာပစ်သွားတာ ခေါင်းဖြတ်ပြီး။ ရွာမှာက PDF တွေ အုပ်စိုးထားတယ်လို့လည်း ပြောလို့ရတယ်။ စစ်ကောင်စီက အဲဒီရက်ပိုင်းက ငါန်းမြာကြီးရွာကို ဗုံးလာကြဲသွားတယ်။ ငါန်းမြာကြီးရွာပြီးတော့ မကြာဘူး ပရဟိတအသင်းတွေနဲ့ပတ်သက်တဲ့သူတွေ ဖမ်းပြီးတော့ အသတ်ခံရတာ”

မိုးမေတ္တာ ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူအပါအဝင် လေးဦးသတ်ဖြတ်ခံရတာ ဘယ်အဖွဲ့ကလုပ်သလဲဆိုတာ အခုအချိန်အထိ မသိရသေးဘူးလို့ သူက ပြောပါတယ်။

မိုးတောင်ရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ ၁၄ ဦးအထိရှိတဲ့ ငါန်းမြာကြီးရွာနဲ့ ရွာချင်းကပ်ရက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငါန်းမြာကြီးရွာ ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ မိုးတောင်ရွာက ပရဟိတအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရ တာကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

မိုးတောင် ရွာဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေအပြင် တော်လှန်ရေးအင်အားစုတွေပါ ရှိနေတာကြောင့် ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေအပေါ် အခုလို ဖမ်းဆီးသတ်ဖြတ်တာမျိုးတွေရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ငါန်းဇွန်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

ငါန်းဇွန်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ဒီအခြေအနေနဲ့ ပတ်သက်လို့ အသေးစိတ်မသိရသလို ဘယ်အဖွဲ့က ကျူးလွန်ခဲ့သလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က အောက်တိုဘာ ၅ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။