ပဲခူး လူငယ် နှစ်ဦးအသတ်ခံရမှု ကြေးမုံသတင်းစာ စွပ်စွဲရေးသား

ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စစ်တပ်က ပဲခူးမြို့မှာ ပစ်သတ်ခဲ့တဲ့ လူငယ် ၂ နှစ်ဦး ဖြစ်တဲ့ မောင်စိုးပိုင်ဇော်နဲ့ မောင်အောင်သူဟိန်းတို့ အသတ်ခံရခံမှုနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။ သတင်းစာထဲမှာ ရေးထားတာကတော့ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းလူတချို့က ဒီကိစ္စကို နိုင်ငံရေးအရ အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။

2010.09.10
pegu_killing_news_305_z.jpg ပဲခူးမြို့တွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ လူငယ်နှစ်ဦး သေဆုံးရသည့် သတင်းကို စစ်အစိုးရ ထုတ်ဝေသည့် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (RFA Image)
(RFA Image)

အပိုဒ်တပိုဒ်မှာပါတဲ့ ရေးသားချက်ထဲမှာ "အမှန်မှာ တပ်မတော်နဲ့ ပြည်သူအကြား ဖြစ်ပွားခြင်း မဟုတ်ပဲ တပ်မတော်တာဝန်ထမ်းဆောင် လက်ရှိသည့် တပ်မတော်သားလူငယ် အချို့နှင့် အရပ်သားလူငယ်အချို့ အရက်သေစာ သောက်စား မူးယစ်ပြီး အဆင်မသင့်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းသာ" လို့ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးရှေ့နေ ဦးအေးမြင့်က ဒါဟာ အမှန်တရားကို ဖုံးကွယ်ထား ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

“ဗိုလ်ကြီး သိဒ္ဓိစိုးက တပ်မတော်က တရားဝင် ခန့်ထားတဲ့ ပြန်တမ်းဝင် အရာရှိ။ ဖြစ်သွားတာက ပြည်သူလူထုက မွေးဖွားတဲ့ ရိုးရိုးအရပ်သား။ ဒါ တပ်မတော်နဲ့ ပြည်သူဖြစ်တာ။ ဒါကို ပြောင်ဝန်မခံရဲတာ ဖြစ်တယ်။”

နောက်တပိုဒ်မှာ ရေးသားထားတာကတော့ "ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မျိုးသာဖြစ်ပြီး" ဆိုပြီး ရေးသားထားပါတယ်။

ရှေ့နေဦးအေးမြင့်က ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ အပြစ်မဲ့ လူငယ် ၂ ယောက် သေဆုံးတာကို သေးသိမ်အောင် တာဝန်မဲ့ ရေးသားချက် ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူက သတ်မှတ်လိုက်တာက ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတာ တပ်မတော်က သတ်နေကျဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်သွားပြီဗျ။ တပ်မတော်က ဒီလိုပဲ စိတ်မထင်ရင် သတ်တယ်ဆိုတာကို အထောက်အထား ပြလိုက်သလို ဖြစ်သွားတယ်ဗျ။”

ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်း ဦးအေးမြင့်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။