အင်းဒင်အနီးမှာ ရွာသစ်တခုဆောက်မည်
2018.03.02

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာအနီးမှာ တခြားနယ်တွေကနေ လာရောက်အခြေချ တဲ့ ရခိုင်တိုင်းရင်းသားတွေအတွက် ရွာတခုဆောက်ပေးဖို့ ပြည်နယ်အစိုးရက ပြင်ဆင်နေပါတယ်။
ကျေးရွာသစ်အတွက် နေအိမ်တွေကို အခုရက်ပိုင်းတွေအတွင်းမှာပဲ စတင်ဆောက်လုပ်သွားမယ်လို့ အင်းဒင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုး က ဒီနေ့ ပြောပါတယ်။
"ပြည်နယ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ပေါ့နော် အင်းဒင်ရွာနယ်မြေစခန်းရဲ့တောင်ဘက်ပေါ့ အဲဒီမှာ အိမ်ခြေ ၁ဝဝ တည်ဆောက်ဖို့ အစီအစဉ်နဲ့ မြေပန္နတွေဘာတွေ အားလုံးရိုက်ပြီးသွားပါပြီ၊ မြေကွက်တွေကို သူတို့ကို နည်းစနစ်နဲ့ ကျနော်တို့ ပေးပြီးတော့ အဲဒီအိမ်မှာလိုတဲ့ အလုပ်သမားတွေကို သူတို့နဲ့ပဲသုံးသွားမှာပါ၊ သန်ဘက်ခါလောက် စမှာပါ"
အဲဒီကျေးရွာသစ်ဟာ အိမ်ခြေ ၁၀၀ လောက်ရှိမှာဖြစ်ပြီး ဆေးပေးခန်း၊ စာသင်ကျောင်း၊ ရေကန်၊ ငါးမွေးကန်၊ ဘုန်းကြီးကျောင်းတွေကို တည်ဆောက်ပေးမယ်လို့ ပြောသလို ဒီဒေသကို အခြေချဖို့လာရောက်ကြတဲ့ တိုင်းရင်းသားတွေအတွက် ရည်ရွယ်တာလို့ဆိုပါတယ်။
လက်ရှိမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ အစရှိတဲ့မြို့နယ်တွေက အိမ်ထောင်စု ၄၇ စုဟာ အင်းဒင်ကျေးရွာအနီးမှာ အခြေချနေထိုင်ဖို့ရောက်ရှိနေကြပြီး သူတို့တွေကို ကျေးရွာသစ်မှာ ကနဦးနေရာချထားပေးမှာဖြစ်တယ်လို့သိရပါတယ်။
အခုကျေးရွာသစ်ထူထောင်ပေးဖို့ သတ်မှတ်ထားတဲ့နေရာဟာ လက်ရှိအင်းဒင်ကျေးရွာနဲ့ ခြောက်ဖာလုံခန့် ကွာဝေးပြီး လယ်ကွင်းပြင်ဖြစ်တယ်လို့လည်းသိရပါတယ်။ မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်အများအပြားဟာ တဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီးတဲ့နောက် အစိုးရက အဲဒီနယ်မြေတွေမှာ နေထိုင်လိုတဲ့ ရခိုင်တိုင်းရင်းသားတွေ ကို အခြေချနိုင်ဖို့ ထောက်ပံ့ကူညီနေတာဖြစ်ပါတယ်။