မောင်တောမှာ အခြေချဖို့ လူဦးရေ ၆၀ ကျော် ရောက်ရှိ


2017.12.13
maungtaw-new-village-622.jpg မောင်တောမြို့နယ် ကိုးတန်ကောက်ရွာမှာ အခြေချနေထိုင်ဖို့လာတဲ့ မိသားစုတွေအတွက် နေအိမ်ငယ်တွေ ဆောက်လုပ်ပေးနေတာကို ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ အခြေချဖို့အတွက် သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင် စတဲ့မြို့နယ်တွေက ဒေသခံ လူဦးရေ ၆ဝ ကျော်ဟာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိ နေကြပါတယ်။

သူတို့တွေကို အင်းဒင်ကျေးရွာ စာသင်ကျောင်းမှာ ယာယီနေရာချထားပေးတယ်လို့ အကူအညီတွေ ပေးနေတဲ့ အင်းဒင်ရွာခံ ဦးမြင့်စိုး က ပြောပါတယ်။

"ပထမဆုံး ကျနော်တို့ရွာကို ရမ်းဗြဲက ရောက်တယ်ပေ့ါနော်၊ သူတို့ကို ကျေးရွာရပ်မိရပ်ဖတွေ ညှိနှိုင်းပြီးတော့ ပထမရောက်စက လူနည်းတဲ့အခါ ရွာထဲမှာပဲထားပြီး နောက်တော့ လူများတဲ့အခါ သက်ဆိုင်ရာကျောင်းအုပ် ကြီးထံ ခွင့်တောင်းပြီး စာသင်ကျောင်းထဲမှာ ထားမှာပါ"

အဲဒီအထဲက တချို့မှာ မိသားစုအလိုက် အပြီးတိုင်ပြောင်းရွှေ့လာကြတာရှိသလို တချို့မှာလည်း မိသားစုထဲက တချို့လောက်ပဲ ကနဦးလာရောက်ကြတာတွေ လည်းရှိပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေ ဖြစ်ပွားပြီးနောက်ပိုင်း ရေလုပ်ငန်းအပြင် အခြားလုပ်ငန်းတွေနဲ့ လုပ်ကိုင်ရပ်တည်ဖို့ ဆုံးဖြတ်ပြီး ပြောင်းရွှေ့လာကြတာလို့ အခြေချဖို့ ပြောင်းရွှေ့ လာသူတွေကပြောပါတယ်။

မနက်ဖြန်မှာလည်း သံတွဲမြို့နယ်အတွင်းက အိမ်ထောင်စု ၁၀ စုကျော် ထပ်မံလာရောက် ဖို့ရှိတယ်လို့လည်း သိရပါတယ်။

နောက်ထပ် ပေါက်တောမြို့နယ်ကနေ ပြောင်းရွှေ့လာကြတဲ့ မိသားစု ၁၁ စုဟာလည်း ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာကို ရောက်ရှိနေကြပါတယ်။

အဲဒီမိသားစုတွေအတွက်ကိုတော့ သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ဦးဆောင်တဲ့ အနောက်ဘက် ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေး အထောက်အကူပြု ကော်မတီက ကိုးတန်ကောက်ကျေးရွာမှာ လုံးချင်းနေအိမ်တွေနဲ့ နေရာချထားပေးသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။