ရမ္မာဝတီ ရွာအသစ်တည်ဖို့ ပြင်ဆင်
2017.12.10

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှာ တည်ထောင်မယ့် " ရမ္မာဝတီ "လို့ အမည်ပေးထားတဲ့ ကျေးရွာသစ် မှာ နေထိုင်ဖို့ အိမ်ထောင်စု ၃၀၀ စာရင်းပေးထားတယ်လို့ ကျေးရွာသစ် တည်ထောင်ရေး ဦးဆောင်အဖွဲ့က ဒီနေ့ ပြောပါတယ်။
ကျေးရွာတည်ထောင်ခွင့်ရဖို့နဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားပြီး အစိုးရအဖွဲ့ ဘက်က အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ကျေးရွာသစ် တည်ထောင်ရေး ဦးဆောင်အဖွဲ့ ပထမခေါင်းဆောင်ဖြစ်သူ ဦးသန်းဝင်း က ပြောပါတယ်။
"တင်ထားတယ်၊ သူတို့ဘက်ကတော့ အလုပ်များနေလို့ထင်တယ်၊ ဘာမှတော့မပြောသေးဘူး ပေါ့နော်၊ ရမ္မာဝတီရွာဆိုပြီး နာမည်ပေးထားတယ်၊ ကျနော်တို့ဘက်ကတော့ စီစဉ်ပြီးသား အဆင်သင့် နီးပါးလောက်ဖြစ်တယ်လေ၊ အခုလောလောဆယ် အိမ်ထောင်စုပေါင်း ၃၀၀ ပတ်ဝန်း ကျင်လောက် ကျနော်တို့ဆီမှာ စာရင်းပေးထားတာရှိတယ်"
အဲဒီကျေးရွာကို မောင်တောမြို့နယ်တောင်ပိုင်းမှာ တည်ထောင်သွားမှာ ဖြစ်ပြီး ရမ်းဗြဲနဲ့ မာန်အောင်ကျွန်းက ဒေသ ခံတွေနေထိုင်ဖို့ စာရင်းပေးထားတယ် လို့ ပြောပါတယ်။
ရမ္မာဝတီကျေးရွာကို ရမ်းဗြဲကျေးလက်ဒေသက နေအိမ်တွေပုံစံမျိုး ဆောက်လုပ်ပေးဖို့ ကျေးရွာသစ် တည်ထောင်ရေး ဦးဆောင်အဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းဆိုထားပါတယ်။
နောက်ပိုင်းမှာ အိမ်ခြေတစ်ထောင်လောက်အထိ ထားရှိသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း ကျေးရွာသစ် တည်ထောင်ရေးဦးဆောင်အဖွဲ့က ပြောပါတယ်။
အဲဒီအဖွဲ့အနေနဲ့ ကျေးရွာသစ်တည်ထောင်ဖို့ကို ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့ရင် လာရောက်နေထိုင်မယ့် သူတွေကို လမ်းစရိတ်တွေပေးပြီး စစ်တွေမြို့ကို ခေါ်ယူကာ စစ်တွေမှာစခန်းထောက် အနေနဲ့ထားရှိ ပြီး မောင်တောကို တစ်ဆင့်ခေါ်ယူသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။
အလားတူ ပြည်နယ်အစိုးရကလည်း မောင်တောမြို့နယ်တောင်ပိုင်းမှာ "ရမ္မာရွှေပြည်" ဆိုတဲ့ တိုင်းရင်း သားကျေးရွာတစ်ခု ထူထောင်ဖို့ကြိုးပမ်းနေကြောင်းနဲ့ အဲဒီရွာမှာနေထိုင်လိုသူတွေကို ကူညီပြီး ရှာဖွေပေး ဖို့ ပြည်နယ်ဝန်ကြီး ဦးကျော်လွင်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၉ ရက်နေ့က လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောကြားထားပါတယ်။