ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်ဗီဒီယို လောကသားများ တွေ့ဆုံ
2012.09.02

"စွန့်လွှတ်မှု အပြည့်နဲ့ဆောင်ရွက်ပါမယ်၊ စစ်မှန်မှုနဲ့ဆောင်ရွက်ပါမယ်၊ ရိုးသားဖြောင့်မှတ်မှုနဲ့ဆောင်ရွက်ပါမယ်၊ ပူးတွဲ ဆောင်ရွက်မှုများနဲ့ဆောင်ရွက်သွားပါမယ်လို့လိုရင်း ကျွန်တော်တင်ပြပါရစေ။ ရုပ်ရှင် အဖွဲ့အစည်း ပဲဖြစ်ဖြစ် စာပေ အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဂီတအဖွဲ့အစည်းပဲ ဖြစ်ဖြစ်ပါ။ ကောင်းမွန်သော အုပ်ချုပ်ရေး စနစ်တစ်ခုအောက်မှာ အစိုးရရယ်၊ ပြည်သူရယ်၊ civil society ရယ် ဆိုတာ ဇာတ်ကောင် ၃ ခုပဲ ရှိပါတယ်။ အဓိက ဇာတ်ကောင် တစ်ခုဖြစ်သော Civil Society။ ဒါကြောင့်မို့ဒီ Civil Society က သူ့ရဲ့ဇာတ်ကောင်ကို သူကျကျနန လုပ်ပေးရမယ်။ ကျွန်တော်တို့ကူညီမှာ ဖြစ်ပါတယ်။"
ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ပြုလုပ်တဲ့ အဲဒီ တွေ့ဆုံပွဲကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိမ်းတို့ အပြင် ရုပ်ရှင် ဗီဒီယို လောကသားတွေ၊ အခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိလာကြတဲ့ ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြ ပါတယ်။
တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရုပ်ရှင် ဆင်ဆာဘုတ် အဖွဲ့ကို အနုပညာရှင်တွေ ပါဝင်ခွင့်ပေးပြီး၊ အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေး အပါအဝင် အချက် (၄) ချက်ကို တင်ပြခဲ့ပါတယ်။
ဦးဇင်ဝိုင်းရဲ့ တင်ပြချက် အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ကတိပြု ပြောဆိုခဲ့ပါတယ်။
"အခုမှားတာသိရင် ချက်ချင်းပြင်မှာပါ။ လက်ခံသွားမှာပါ။ ဒီလိုပါပဲ တင်ပြပါ။ ဆွေးနွေးပါ။ ကျွန်တော်တို့ပြောနေကျ နားခါးတယ်ဆိုလည်း ကျွန်တော်တို့နားထောင်ပါမယ်၊ အားလုံး တိုင်းပြည်အတွက် လုပ်ကြတဲ့ အတွက်ကြောင့် တိုင်းပြည်မှာ ပါဝင်တဲ့သူတွေ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့တိုင်းပြည်တည်ဆောက်ဖို့၊ ဘဝဆိုတာလည်း တိုတိုလေး ဖြစ်ပါတယ်၊ ဒီတိုတိုလေးမှာ မှားတာတွေနဲ့ကြီးပဲ ကျွန်တော်တို့နေလို့မဖြစ်ပါဘူး။ မှားတာကို မှန်အောင်လုပ်ဖို့က ကျွန်တော်တို့တာဝန်ပဲဖြစ်တယ်၊ အားလုံးပြည်သူတွေရဲ့ တာဝန်ပဲဖြစ်တယ်။ ဒါကြောင့် ဦးဇင်ဝိုင်း တင်ပြတဲ့အချက်တွေ အားလုံး ပြည့်စုံရမယ်။ ချက်ချင်း ရှင်းနိုင်မယ် မဟုတ်ပါဘူး။ ကျွန်တော်တို့ကို လိုအပ်တဲ့ အချိန်ပေးပါ။ ဒါပေမယ့်လို့ကျွန်တော်တို့ကြိုးစားပြီးတော့ အကောင်းဆုံးဘက်ကနေ ကူညီဆောင်ရွက် ပေးပါမယ်လို့တင်ပြပါတယ်။"
ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းဟာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအတွက် ရုပ်ရှင်ရိုက်ကူးရေးမှာ အသုံးပြုဖို့ မြေဧက ၁၀၀ ကို ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီတွေ့ဆုံပွဲဟာ ရုပ်ရှင်ဗီဒီယို အနုပညာရှင်တွေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ ပထမဆုံးအကြိမ် မိတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။