အရေးယူပိတ်ဆို့မှုများ မထိရောက်ဟု NDF သဘောထားထုတ်ပြန်
2011.02.08

“နိုင်ငံရေး ပြဿနာတွေကို အရင်တုန်းက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားခဲ့တာ ကျွန်တော်တို့ သဘောတူခဲ့တာပဲ။ အခုအခါကျတော့ နိုင်ငံရေး ပြဿနာတွေကို လွတ်လပ်ရေး ရပြီးကတည်းက စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့တယ်၊ မအောင်မြင်ခဲ့ပါဘူး။ နိုင်ငံရေး ပြဿနာတွေကို နောက်တခါ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ကျွန်တော်တို့ အပါအဝင် လုပ်ခဲ့တာလည်း မအောင်မြင်သေးပါဘူး။ ဒါကြောင့်မို့ အခုအခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုမှ ရောက်စေချင်တယ် ဆိုလို့ရှိရင်တော့ နိုင်ငံရေး ပြဿနာတွေကို စီးပွားရေးနည်းနဲ့ ဖြေရှင်းမှ ရမယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ စီးပွားရေး ပိတ်ဆို့မှုတွေကို ပြန်လည် ရုပ်သိမ်းဖို့ လိုအပ်ပြီ၊ အထူးသဖြင့် trade ban နဲ့ investment ban တွေကိုတော့ ရုပ်သိမ်းဖို့ လိုတယ်လို့ ကျွန်တော်တို့ ထုတ်ပြန်ကြေညာရခြင်း ဖြစ်ပါတယ်။”
မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ် နှစ်စုနီးပါးကြာအောင် စီးပွားရေးအရ ပိတ်ဆို့အရေးယူခဲ့တာ မအောင်မြင်ဘူးလို့ အနောက်နိုင်ငံတွေဖက် ဝန်ခံ ပြောဆိုထားတယ်လို့လည်း NDF ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။
စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုကြောင့် မြန်မာနိုင်ငံအနေနဲ့ အခွင့်အလမ်းတွေ လက်လွတ် ဆုံးရှုံးနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လမ်းစကို ဟန့်တားရာ ရောက်နေတယ်လို့ NDF က သဘောထား ထုတ်ပြန်ထားပါတယ်။