NCGUB ညွန့်ပေါင်းအစိုးရအဖွဲ့ကို မတရားသင်း စာရင်းမှ ပယ်ဖျက်
2018.06.10

အဝေးရောက် ညွန့်ပေါင်းအစိုးရလို့ လူသိများတဲ့ NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်း အစိုးရ ကို မတရားအသင်းလို့ ကြေညာထားတာနဲ့ အကြမ်းဘက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်လိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ NCGUB ကို နိုင်ငံတော် သမ္မတက မတရားအသင်းအက်ဥပဒေအရ မတရားအသင်းအဖြစ်အပြင် အကြမ်းဘက်သူများအဖြစ် ကြေညာထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘယ်နေ့ ဘယ်အချိန်ကတည်းက သတ်မှတ်ထားတယ် ဆိုတာတော့ မပါရှိပါဘူး။
NCGUB ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရရှိခဲ့ပေမယ့် အစိုးရ ဖွဲ့ခွင့်မရတာကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ အရွေးချယ်ခံရတဲ့ အမတ် တချို့ ပြည်ပကို ထွက်ခွာပြီး အဝေးရောက်ညွှန့်ပေါင်း အစိုးရကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ဒေါက်တာ စိန်ဝင်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။
NCGUB အဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်ချိန်မှာ မိမိတို့ အဖွဲ့အနေနဲ့ မလိုအပ်တော့ဘူးလို့ ယူဆပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလမှာ NCGUB ကို ဖျက်သိမ်းခဲ့တာဖြစ်တယ်လို့ ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။