စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ပြည်တော်ပြန်
2019.08.10
ယခင် ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဒေါက်တာ စိန်ဝင်း ဟာ မိသားစုနဲ့အတူ မြန်မာနိုင်ငံကို သြဂုတ် ၉ ရက်နေ့က ပြန်လည်ရောက်ရှိလာပါတယ်။
သြဂုတ်လ ၉ ရက်နေ့ ည ၁၀ နာရီလောက်က ပြန်ရောက်လာတာဖြစ်ပြီး ကျန်းမာရေးကောင်းတယ်လို့ ဒေါက်တာ စိန်ဝင်း ရဲ့ ဇနီးဖြစ်သူ ဒေါ်စီစီသွယ်က ပြောပါတယ်။
ဒေါက်တာ စိန်ဝင်းဟာ အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ် သုံးခုနီးပါးကြာ နေထိုင်ခဲ့ရပြီး အခု NLD အစိုးရလက်ထက်မှာ မြန်မာပြည်ပြန်လာဖို့အတွက် သံရုံးကနေ ခွင့်ပြုချက် စောင့်နေခဲ့ရတာဖြစ် ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်အစိုးရက အာဏာလွှဲမပေးတဲ့အချိန် ဒေါက်တာ စိန်ဝင်းဟာ ပြည်ပကိုထွက်ခွာခဲ့ပြီး ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရအဖွဲ့ NCGUB ကို တည်ထောင်ပြီး ဝန်ကြီးချုပ် တာဝန် ယူခဲ့သူဖြစ်ပါတယ်။
ဒေါက်တာ စိန်ဝင်းဟာ အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သား၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တူ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဝမ်းကွဲ တော်စပ်သူ ဖြစ်ပါတယ်။