လျော်ကြေး မှန်မှန်ကန်ကန်ပေးဖို့ တောင်သူတွေ တောင်းဆို


2018.02.04
naungcho-farmers-press-622.jpg နိုင်ငံတော်ဖွံ့ဖြိုးရေး စီမံကိန်းတို့ နောက်ကွယ်မှ အမေ့လျော့ခံဘဝများ စာအုပ်မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲကို ကျင်းပစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ် နောင်ချို မြို့ရှောင်လမ်းစီမံကိန်းနဲ့ အထက်ရဲရွာ ရေအားလျှပ်စစ် လုပ်ငန်းအတွက် လျှပ်စစ်တာဝါ တိုင်တွေ စိုက်ထူမှုကြောင့် ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေး နစ်နာကြေးပေးမယ့် အစီအစဉ် ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တောင်သူတွေက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

နောင်ချို မြို့ရှောင်လမ်း စီမံကိန်းနဲ့ အထက်ရဲရွာ ရေအားလျှပ်စစ်လုပ်ငန်းအတွက် လျှပ်စစ်တာဝါတိုင်တွေ စိုက်ထူမှုကြောင့် လယ်ယာမြေ ပျက်စီးဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက ၁၆ ဦး က ဒီနေ့ တောင်ကြီးမြို့ မင်းကံကောင်း စားသောက်ဆိုင်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံတော် စီမံကိန်းတွေကို ကန့်ကွက်တာ မဟုတ်ဘဲ လယ်ယာမြေ နစ်နာကြေးတွေကို ပွင့်လင်းမြင်သာစွာချပြဖို့နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ တောင်းဆိုတာဖြစ်တယ်လို့ နောင်ချိုမြို့နယ် တောင်သူလယ်သမား ကိုယ်စားလှယ် ကိုအောင်ကျော်စိုး က ပြောပါတယ်။

"ကျနော်တို့ ကန့်ကွက်နေတာ မဟုတ်ပါဘူး၊ အခုပါဝင်ထားတဲ့ တောင်သူတွေရဲ့ လယ်ယာမြေတွေ ကို လျော်ကြေး နစ်နာကြေးအတွက်ပါ၊ တောင်သူတွေရဲ့ အထက်ကနေ လျော်ပေးတဲ့လျော်ကြေး ကို တောင်းသူတွေရဲ့လက်ထဲကို အတိအကျ အပြည့်အဝရောက်စေဖို့ရာ ဒါပဲ ကျနော်တို့ လိုလားပါတယ်"

အဲဒီ တောင်သူတွေရဲ့ နစ်နာမှုပေါ်မှာ အခြေခံပြီး ရေးသားထားတဲ့ နိုင်ငံတော်ဖွံ့ဖြိုးရေး စီမံကိန်းနောက်ကွယ်က "အမေ့လျော့ခံဘဝများ" စာအုပ် မိတ်ဆက်ပွဲလည်း ပြုလုပ်ခဲ့ပါတယ်။

နောင်ချို မြို့ရှောင်လမ်း စီမံကိန်းဟာ နောင်ချို ကျောက်ကြမ်းရွာကနေ ကျောက်မဲမြို့ နောင်ပိန်ကျေးရွာ အထိ ဖြတ်သန်းမှာဖြစ်ပြီး နောင်ချိုမြို့မှာဆိုရင် ဂုတ်ထိပ် ကျေးရွာအထိ မြို့ပေါ် နှစ်ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၁ခု ကို ဖြတ်သန်းမှာ ဖြစ်တဲ့အတွက် လမ်းဧရိယာအတွင်း လယ်ယာမြေ နစ်နာတဲ့ တောင်သူဦးရေ ၂၄၀ လောက်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ တောင်သူတွေက မူလအစမှာ တစ်ဧကကို မြေအမျိုးအစားအလိုက် တစ်ဧကကို ကျပ်သိန်း ၄၀၀ နဲ့ ၄၅၀ အကြားရလိုကြောင်း တောင်းခံခဲ့ကြပါတယ်။

နိုင်ငံတော် စီမံကိန်းဖြစ်တဲ့အတွက် ရှမ်းပြည်နယ်အစိုးရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လျှပ်စစ်ဝန်ကြီးဌာနတို့နဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက ပြန်လည်ညှိနှိုင်းခဲ့ကြရာမှာ မြေအမျိုးအစားအလိုက် တစ်ဧက ကို သိန်း ၂၀၀ နဲ့ ၂၅၀ ကြား သဘောတူခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာ တစ်ဧကကို သိန်းတစ်ရာ လောက်သာ ပေးတော့မယ် ဆိုပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောဆိုနေတာတွေရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။  အဲဒီစီမံကိန်းကို ဘယ်အချိန်မှာ စတင်မယ်ဆိုတာကို တောင်သူတွေထံ အသိပေးထားတာ မရှိသေးပေမယ့် စီမံကိန်း ဧရိယာတွေအဖြစ် တိုင်တွေစိုက်ထူကာ သတ်မှတ်ထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အဲဒီဒေသတစ်ဝိုက်မှာပဲ အစိုးရက၂၃၀ ကေဗီ အထက်ရဲရွာ လျှပ်စစ်ဓါတ်အား စီမံကိန်းအတွက် လျှပ်စစ် တာဝါတိုင်တွေ စိုက်ထူဖို့ တောင်သူတွေရဲ့ လယ်ယာမြေတွေမှာ ကျင်းတွေတူးပြီး ဆောင်ရွက်ခဲ့တာကြောင့် နစ်နာခဲ့တဲ့ တောင်သူတွေအတွက် အစိုးရက ဒီနေ့အထိ ဆောင်ရွက်ပေးတာမရှိဘူးလို့ တောင်သူတွေ က ပြောပါတယ်။

အစိုးရက လျှပ်စစ် တာဝါတိုင် စိုက်တဲ့လုပ်ငန်းကို ၂၀၁၅ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး တာဝါတိုင် စိုက်ထူမှုကြောင့် သီးနှံ စိုက်ပျိုးလို့ မရတော့တဲ့ တောင်သူ ၃၂ ဦး ရှိတယ်လို့ ဆိုပါတယ်။

တာဝါတိုင် လုပ်ငန်းနဲ့ မြို့ရှောင်လမ်း စီမံကိန်းကြောင့် လယ်ယာမြေနစ်နာခဲ့တဲ့ တောင်သူ အများစုဟာ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံစံ (၇) တွေ ရရှိထားသူတွေ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။