နိုင်ငံပိုင်မြေပေါ်မှာ ကတိကဝတ်နဲ့ မညီညွတ်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ အဆို ဆွေးနွေးမည်


2019.02.07
khinsanhlaing-622.jpg ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ကို လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Pyidaungsu Hluttaw
နိုင်ငံပိုင်မြေယာ၊ အဆောက်အအုံတွေပေါ်မှာ ခွင့်ပြုခဲ့တဲ့ စီမံကိန်းတွေထဲက ကတိကဝတ်နဲ့ မညီညွတ်တဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။

အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် တင်သွင်းတဲ့ အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ထောက်ခံခဲ့တာပါ။

ဒေါ်ခင်စန်းလှိုင်က လုပ်ငန်းရှင်တွေက လုပ်ငန်းလုပ်ဖို့ထက် မြေနေရာဦးနေကြတယ်လို့မြင်ကြောင်း ၊ အခုအချိန်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ နှောင့်နှေးနေပြီး လမ်းပန်းနဲ့ လျှပ်စစ်မကောင်းတဲ့အပြင် မြေနေရာတွေလည်း မပေးနိုင်ကြောင်း၊ ရှိနေတဲ့မြေတွေကလည်း နေရာဦးထားကြပြီဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံ့အရင်းအမြစ်တွေဖြစ်တဲ့ မြေယာတွေကို အကြောင်းပြချက် အမျိုးမျိုး၊ စာချုပ်အမျိုးမျိုးနဲ့ ရောက်နေသလို လူတချို့ရဲ့ လက်ထဲမှာ တဧကကို ကျပ်ထောင်ဂဏန်းငှားရမ်းခနဲ့ ရယူထားတာတွေတောင်ရှိတယ်လို့ ပြောပါတယ်။

တဆက်တည်းမှာပဲ တချို့စာချုပ်တွေမှာ အစိုးရနဲ့ဌာနက စွက်ဖက်ခွင့်မရှိဆိုပြီး ပါဝင်သလို ဘယ်လုပ်ငန်းမဆို ပြောင်းလဲလုပ်ကိုင်ခွင့်တွေ၊ နှစ် ၃၀ ကနေ နှစ် ၇၀ အထိ ငှားရမ်းထားကြတာတွေရှိတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

အဲဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်က လွှတ်တော်မှာ ဆွေးနွေးဖို့ ကြေညာခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။