ကျောက်စိမ်းလက်ဝယ်တွေ့မှုနဲ့ ဖမ်းထားသူတွေကို ထောင်ဒဏ်ချမှတ်
2017.12.14

စစ်ကိုင်းတိုင်းဒေသကြီး နန်စီပွန်ဒေသမှာ ကျောက်စိမ်း အရိုင်းတုံး လက်ဝယ်တွေ့ရှိလို့ဆိုပြီး ဖမ်းဆီးအရေးယူထားသူ ၁၁ ယောက်ထဲက ၇ ယောက်ကို ဒီကနေ့ ခန္တီးမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ ခန္တီးမြို့နယ် ရဲစခန်းမှူး ဒုတိယရဲမှူးလှတင့်က ပြောပါတယ်။
အမှုတွဲဖြစ်တဲ့ နောက်ထပ် ၄ ယောက်ကိုတော့ စစ်ဆေးနေတုန်းလို့ စခန်းမှူး ဒုတိယရဲမှူးလှတင့် က ပြောပါတယ်။
"ထောင်ဒဏ်တစ်နှစ်ပေါ့။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်နှစ်။ တစ်မှုဆီပေါ့။ သူတို့ပိုင်ဆိုင်မှုတစ်ခုစီနဲ့။ ၁၁ မှုဖွင့်ထားတာ ၇ ခုကိုတော့ အမိန့်ချလိုက်ပြီ။ နောက် ၄ မှု ကျန်သေးတယ်"
တရားစွဲဆိုခံထားရသူတွေထဲမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက လူတွေအများဆုံးပါဝင်တယ်လို့ ပြောပါတယ်။
အဲဒီသူတွေထဲမှာ နန်စီပွန်ဒေသ အုပ်ချုပ်ရေးမှူးနဲ့ အမျိုးသမီးတစ်ယောက် ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက နန်စီပွန်ဒေသမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်ဆိုပြီး မသင်္ကာလို့ ဝင်ရောက်စစ်ဆေးတဲ့အခါမှာ မူးယစ်ဆေးဝါးတွေကိုမတွေ့ဘဲ ကျောက်စိမ်းအရိုင်းတုံးတွေကို တွေ့ရှိရတာကြောင့် ကျောက်စိမ်းအရိုင်းတုံး လက်ဝယ်ကိုင်ဆောင်မှုနဲ့ တရားစွဲခံခဲ့ရတာပါ။
နန်စီပွန်ဒေသဟာ ကျောက်စိမ်းတူးဖော်တဲ့ ဒေသဖြစ်တာကြောင့် အဲဒီဒေသမှာ ရှိသူတွေကို ကျောက်စိမ်းလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးတဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။