စစ်ကိုင်းတိုင်းဒေသကြီး နန်စီပွန်ဒေသအုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဒီနေ့မနက် အစောပိုင်းမှာ အထူးရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးရာမှာ ကျောက်စိမ်းအရိုင်းတုံးတွေ လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးလိုက်ပါတယ်။
မူးယစ်ဆေးဝါးမှုနဲ့ သံသယရှိလို့ ဝင်ဖမ်းပေမယ့် မူးယစ်ဆေးတွေမတွေ့ရှိတာကြောင့် ကျောက်စိမ်း အရိုင်းလက်ဝယ်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးပြီး ခန္တီးမြို့နယ် ရဲစခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော် က ပြောပါတယ်။
" နန်စီပွန်ထဲမှာ မူးယစ်ဆေးဝါးတွေရှိတယ်။ နောက်လက်နက်တွေနဲ့ လော်ပန်တွေ နောက်ကွယ်က ကြိုးကိုင်တဲ့ သူတွေ အဲ့ဒါတွေကို ဖော်ထုတ်ဖို့ ဆိုပြီး အထူးအဖွဲ့တစ်ဖွဲ့က ကွင်းဆင်းပြီးဖမ်းတာပါ။ အချိန်က မရတော့ ကျောက်စိမ်းအရိုင်းတွေလက်ဝယ်ကိုင်ဆောင်မှုနဲ့ပဲ ဖမ်းဆီးပြီးတော့ ရဲစခန်းမှာ စစ်ဆေးနေ ပါတယ်"
ဖမ်းဆီးလိုက်သူ ၁၁ ဦးထဲမှာ အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ အရောင်းအဝယ် ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းရမိတယ် လို့ ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေကို ချိန်တွယ်နေပြီး ပမာဏမသိရသေးဘူးလို့လည်း ခရိုင်အုပ်ချုပ်ရေးမှူး ကပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲမှာ နယ်ဝေးကရောက်ရှိနေသူတွေလည်း ပါဝင်ပြီး သူတို့ကို တည်းခိုခန်းတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပြောပါ တယ်။
နန်စီပွန်ဒေသဟာ ကျောက်စိမ်းတူးဖော် တဲ့နယ်မြေဖြစ်တာကြောင့် ကျောက်စိမ်းတုံးတွေ ရှိနေနိုင်ကြောင်းနဲ့ အခုဖြစ်စဉ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြထားတယ်လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။