နန်စီပွန်ချောင်းကူးတံတား အဆင့်မြှင့်တင်ဖို့ မလွတ်ကင်းတဲ့နေအိမ်တွေ ဖယ်ရှား
2018.11.30

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းက နန်စီပွန်ချောင်းကူးကြိုးတံတားကို ကွန်ကရစ်တံတားအဖြစ် ပြောင်းလဲတည်ဆောက်ရေးလုပ်ငန်းမှာ မလွတ်ကင်းတဲ့နေအိမ် အလုံး ၃၀ ကျော်ကို ရွှေ့ပြောင်းပေးဖို့ ဒေသအာဏာပိုင်တွေက အသိပေးထားပြီး အဲဒီနေအိမ်တွေမှာ နေထိုင်နေကြသူတွေက မရွှေ့ပြောင်းလိုကြောင်း ပြောကြပါတယ်။
အခုလ ၂၁ ရက်နေ့က စတင်ပြီး ပြောင်းရွှေ့ဖို့ မြို့နယ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အသိပေးခဲ့ကြောင်းနဲ့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ လတ်တလော လူနေထိုင်မှုမရှိတဲ့ လူနေ တဲအိမ် နှစ်လုံးကို အာဏာပိုင်တွေက ဖျက်စီးခဲ့တယ်လို့ ဖျက်ရမယ့် နေအိမ်စာရင်းမှာ ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ဒေါ်ချိုချိုက ပြောပါတယ်။
ဖျက်ရမယ်ဆိုတဲ့အိမ်တွေဟာ နန်စီပွန်ဒေသက ရွှေပြည်သာကျေးရွာအနီးက နေအိမ်တွေဖြစ်ပါတယ်။ အဲဒီနေအိမ်တွေမှာ နေထိုင်သူတွေဟာ နန်စီပွန်ချောင်းအနီးတဝိုက်မှာ တပိုင်တနိုင် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။
နေအိမ်ပိုင်ဆိုင်မှု အထောက်အထားမရှိပေမယ့် နေထိုင်လာတာ အများဆုံး ၁၀ နှစ်ခန့်နဲ့ အနည်းဆုံး ၄ နှစ်ခန့်ရှိနေပြီလို့ ပြောကြပါတယ်။
စစ်ကိုင်းတိုင်း နန်စီပွန်ဒေသအတွင်းမှာရှိတဲ့ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ရတဲ့ ရန်ပုံငွေတွေကို တိုင်းဒေသကြီးအစိုးရကစိစစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စီမံခန့်ခွဲတာတွေရှိပါတယ်။
လက်ရှိမှာတော့ ဒီငွေထဲက တစိတ်တဒေသကို နန်စီပွန်ချောင်းကူးတံတား တည်ဆောက်ဖို့ တိုင်းဒေသကြီး အစိုးရက ခွင့်ပြုပေးလိုက်ပါတယ်။
စီမံကိန်းကြောင့် အခုဖျက်ရမယ်ဆိုတဲ့ နေအိမ်အလုံး ၃၀ ကျော်ထဲမှာ တံတားနဲ့ မလွတ်တဲ့ အိမ်တွေပါသလို တချို့နေအိမ်တွေက တံတားစီမံကိန်းနဲ့ လွတ်ကင်းတဲ့အတွက် မဖယ်လိုကြောင်း အဲဒီတဲအိမ်တွေမှာ နေထိုင်သူတွေက ပြောကြပါတယ်။
တံတားစီမံကိန်းနဲ့ မလွတ်ကင်းတဲ့ နေအိမ် ၅ လုံးက ကိုယ်တိုင်ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပြီး ကျန်တဲ့နေအိမ်တွေက တံတားစီမံကိန်းနဲ့ လွတ်ကင်းကြတယ်လို့ ပြောကြပါတယ်။
ဒေသအာဏာပိုင်တွေကတော့ ဒီအိမ်တွေဟာ ကျောက်မျက်ဧရိယာထဲမှာ ပါဝင်နေတာကြောင့် မဖြစ်မနေ ရွှေ့ပြောင်းပေးရမှာဖြစ်တယ်လို့ ပြောပါတယ်။
ရွှေပြည်သာကျေးရွာအနီး နန်စီပွန်ချောင်းနားမှာ နေထိုင်နေတာ ၁၀ နှစ်ခန့်ရှိပြီ ဖြစ်တဲ့ ဒေါ်ချိုချိုက လက်ရှိဖျက်ခံလိုက်ရတဲ့ နေအိမ် ၂ လုံးရဲ့ အခြေအနေကို အခုလို ပြောပါတယ်။
"အဲဒီဝန်းကျင်က ပိုင်ရှင်ခရီး ထွက်သွားတဲ့ တဲစုတ်လေးတွေမှာပဲ ခိုကပ်နေရတာပေါ့။ အန်တီတို့ အတွက်ကတော့ နေရာပြန်ချထားပေးမယ်ဆိုတော့ ကျောင်းသားတွေအတွက်က တအားခက်ခဲသွားမယ်။ လက်ရှိ နေနေတဲ့ နေရာလေးက ကလေးတွေ ကျောင်းသွားကျောင်းလာနီးတယ် အဆင်ပြေတယ်။ အခုသူတို့ချထားပေးမယ့်နေရာ ခန့်မှန်းခြေက တော်တော်လေးဝေးတယ် ကျောင်းသားတွေအတွက် အခက်အခဲ ဖြစ်သွားမယ်"
သူတို့တွေဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တခြားမြို့နယ်တွေကနေ တပိုင်တနိုင် ကျောက်တူးဖော်ရေးလုပ်ဖို့ ဒီနေရာကို ပြောင်းရွှေ့အခြေချလာသူတွေဖြစ်ပါတယ်။
ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးက ပြောင်းရွှေ့ခိုင်းတဲ့ နေအိမ်တွေအတွက် နန်စီပွန်ချောင်း အနောက်ဘက်က လသာကွက်သစ်မှာ နေရာချထားပေးဖို့ရှိတယ်လို့ ပြောပါတယ်။
"လသာကွက်သစ်ဆိုတာ လုပ်ထားပေးပြီး၊ သူတို့ကို နေရာချထားပေးတာတွေရှိတယ်။ သူတို့က အဲဒီနေရာချထားပေးတဲ့နေရာမှာ သွားမနေဘဲ ဒီနားမှာ နည်းနည်းလေး ကပ်ရပ်ပြီး နေတဲ့သဘောပေ့ါကွယ်။ အခုမဖြစ်မနေလုပ်ရပြီဆိုတော့ ဖယ်ရမယ့်သဘောပေါ့။ အတင်းဖျတ်တယ်ဆိုတာ နောင်ကျလို့ရှိရင် ဖယ်ရမယ့်အချိန်တွေ ကျော်သွားလို့ရှိရင် ဖယ်ရမယ်ဆိုတာတွေဖြစ်လာမှာ။ တံတားဆောက်မယ့်နေရာ သူတို့ဖယ်ရမယ်ဆိုတာ သူတို့ သိပြီးသားပဲ"
ပြီးခဲ့တဲ့နှစ်ထဲက ဖယ်ရှားပေးဖို့ အသိပေးတာရှိပေမယ့် လက်ရှိမှာတော့ ဘယ်ရက်နောက်ဆုံးဆိုတာ ပြောထားတာမရှိသေးဘူးလို့ ဆိုပါတယ်။
ဒီတဲအိမ်တွေမှာ နေထိုင်သူတွေကတော့ သူတို့လက်ရှိနေရာဟာ အလုပ်အကိုင်လုပ်ကိုင်စားသောက်ဖို့ အဆင်ပြေသလို ကလေးငယ်တွေအတွက် စာသင်ကျောင်းနဲ့ နီးတာမို့ မရွှေ့ပြောင်းလိုဘူးဆိုပြီး ပြောနေကြတာပါ။
ခန္တီးမြို့ခံ ဆရာတော် ဦးကဝိပါလက နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး သဘောတူညီချက်ရမှ နေအိမ်တွေကို ဖျက်တာမျိုးဖြစ်စေလိုတယ်လို့ မိန့်ပါတယ်။
"ဒါမျိုးကိစ္စတွေဆိုရင် အမိန့်သဘောမျိုးမဟုတ်ဘဲနဲ့ အားလုံးညှိနှိုင်းပြီးမှ ပြေလည်တဲ့ နည်းလမ်းနဲ့ ရွှေ့ခိုင်းစေချင်တယ်။ သူတို့ရဲ့ အထိုင်ချထားတဲ့ဟာနဲ့ နေရာသစ်နဲ့ကတော့ အဆင်တော့ပြေဖို့ မလွယ်ဘူး။ အဲဒီတော့ ဦးဇင်းတို့ဆိုလိုချင်တာက အတင်းအကြပ်ဖျတ်တာမျိုးထက် ညှိနှိုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက် အသာတကြည်နဲ့ ပြောင်းစေချင်တယ်။ ဖျတ်မလား မဖျတ်ဘူးလား၊ ရွှေ့မလား မရွှေ့ဘူးလား ဖျတ်တယ်ကွာဆိုရင် အုပ်ချုပ်ရေးပိုင်းအတွက်လည်း မကောင်းဘူး။ အိမ်ပိုင်ရှင်တွေအတွက်လည်း မကောင်းဘူးပေါ့"
နန်စီပွန်ဒေသက ကျောက်မျက်ဧရိယာအတွင်း နေထိုင်နေကြတဲ့ နေအိမ် အလုံး ၉၀၀ လောက်ကို လသာကွက်သစ်မှာ အစိုးရက နေရာချထားပေးပြီး ဖြစ်တယ်လို့ ပြောပါတယ်ရှင်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့ထားတာပါ။