နန်းနိမ့်ကျေးရွာ ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေဆဲဟု KNDF ပြော

RFA Burmese
2023.03.16
နန်းနိမ့်ကျေးရွာ ဒေသခံ ၁၁ ဦး ပျောက်ဆုံးနေဆဲဟု KNDF ပြော ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာမှ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံနေရသည်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။
KNDF

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာက ဒေသခံ ၁၁ ဦးမှာ ယနေ့အချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်က ပြောပါတယ်။

ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ဒေသ၊ နန်းနိမ့်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ KNDF က အထက်ပါအတိုင်း ပြောဆိုလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ပင်လောင်းမြို့နယ် နန်းနိမ့်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နန်းနိမ့်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီးသုံးပါးနဲ့ ကျေးရွာသား ၁၉ ဦး စုစုပေါင်း ၂၂ ဦး သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပွားတဲ့နေ့က နန်းနိမ့်ဘုန်းကြီးကျောင်းမှာ ဒေသခံ ၃၀ ဦး၊ သံဃာတော် သုံးပါး စုစုပေါင်း ၃၃ ဦးရှိပေမယ့် ၂၂ ဦးရဲ့ ရုပ်အလောင်းတွေသာ တွေ့ရတဲ့အတွက် ကျန် ၁၁ ဦးက ပျောက်ဆုံးနေတယ်လို့ KNDF ရဲ့ ပြောရေးခွင့်ရှိသူ ဗိုလ်မျက်မှန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ပျောက်ဆုံးနေတဲ့ လူတွေကို တိုက်ပွဲတွေရှိတော့ ဘာအစအနမှ ရှာလို့မရသေး။ စစ်ကောင်စီတပ်တွေက ဖမ်းဆီးပြီး တခြားနေရာမှာ သတ်ဖြတ်လိုက်လား။ အဲလိုမဟုတ်ရင် လူသားဒိုင်းကာအဖြစ် အသုံးပြုပြီးတော့ ခေါ်သွားတာလား။ ဒါအနီးစပ်ဆုံးဖြစ်နိုင်တဲ့ အနေအထားတွေပါ။ ဖြစ်ဟန်ရှိတယ်လို့ပဲ ပြောတာပါ။ အတည်ပြုနေတာ မဟုတ်ပါဘူး”

သေဆုံးသူတွေရဲ့ အလောင်းတွေကို စစ်ဆေးတဲ့အခါမှာလည်း ရိုက်နှက်နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ ကျန်းမာရေး တာဝန်ခံ ဒေါက်တာရဲဇော်က အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုပ်အလောင်းတွေရဲ့ ပတ်ဝန်းကျင်မှာ စစ်တပ်က အသုံးပြုနေတဲ့ တပ်မတော် ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) ထုတ် ကျည်ခွံတွေကို တွေ့ရသလို မသေခင်မှာ ဆေးလိပ်မီးနဲ့ ထိုးထားဒဏ်ရာတွေအပြင် ခြေတွေ၊ လက်တွေ ချိုးခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရှိခဲ့တယ် လို့လည်း ဆိုပါတယ်။

အခုကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နန်းနိမ့်ကျေးရွာ အစုလိုက် အပြုံလိုက် လူသတ်မှုကို ကရင်နီတပ်မတော် (KNPP/KA) နဲ့ KNDF တို့က ပြုလုပ်ခဲ့တာလို့ မတ်လ ၁၄ ရက်နေ့မှာ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ သတင်းစာတွေကတစ်ဆင့် စွပ်စွဲထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ KNPP၊ PDF တွေကြား နန်းနိမ့်ကျေးရွာထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNPP၊ PDF တွေဘက်က အလောင်းနဲ့ လက်နက်တချို့ ရရှိခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်း နေတဲ့ နန်းနိမ့်ရွာထဲကို ဝင်သွားသူတွေဟာ KNPP၊ PDF တွေသာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

ဒီသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ဘယ်အဖွဲ့ဘက်ကမှ ဝန်ခံခြင်း မရှိဘဲ အပြန်အလှန် စွပ်စွဲနေကြတာလည်း ဖြစ်ပါတယ်။

လက်ရှိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ မိုးဗြဲဒေသမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းနီးပါးရှိနေပြီး စားနပ်ရိက္ခာနဲ့ ရေတွေလိုအပ်နေ တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။