နမ့်ခမ်းမြို့က နယ်စပ်ဂိတ်ပြန်ဖွင့်ထားပေမဲ့ တရုတ်နဲ့ တရားဝင်ကုန်သွယ်ခွင့်မရသေး
2024.05.14

[Update: 11:10 AM, May 15, 2024]
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရဲ့ တရုတ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်ဖြစ်တဲ့ နောင်တောင်းနယ်စပ်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်စည်တင်ပို့တာတွေ ရှိနေပေမဲ့ တရုတ်နိုင်ငံနဲ့ တရားဝင်ကုန်သွယ်ခွင့် မရသေးဘူးလို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က မေလ ၁၅ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
ဒီနယ်စပ်ဂိတ်ကို ဒေသခံပြည်သူတွေ သွားလာရေးလွယ်ကူစေဖို့ ပြန်ဖွင့်ပေးလိုက်ပေမဲ့ တရုတ်နိုင်ငံဘက်က တရားဝင်ပူးဆောင်းဆောင်ရွက်တာမျိုး မရှိသေးဘူးလို့ TNLA ပြောခွင့်ရသူ လွေးယေဦး က ပြောပါတယ်။
“ဒါက တရုတ်အစိုးရနဲ့ တရားဝင် ပူးပေါင်းပြီးဖွင့်တာ မဟုတ်ပါဘူး။ ဒေသခံတွေ အဆင်ပြေဖို့အတွက်ပဲ ဖွင့်ပေးတာပါ။ ကုန်သွယ်မှုမှာလည်း တရုတ်အစိုးရနဲ့ တရားဝင် ပူးပေါင်းပြီးဆောင်ရွက်တာမျိုးလည်း မရှိသေးပါဘူး”
နောင်တောင်းနယ်စပ်ဂိတ်ကို ဧပြီလ ၂၉ ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ အချိန်နှစ်ပတ်ကျော်လာတဲ့အထိ တရုတ်နိုင်ငံဘက်က လူဝင်ထွက်ခွင့်ကိစ္စကိုလည်း ခွင့်ပြုပေးတာ မရှိသေးဘူးလို့ နမ့်ခမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
“လူတွေကတော့ မူဆယ်ကနေပဲ သွားပေါ့။ ဒီမှာက ဒေသထွက်ကုန်အတွက် တစ်ပိုင်တစ်နိုင်ပို့နေတဲ့ ကုန်ကားသမားတွေတောင် ဂိတ်မှာ ကုန်ရော၊ လူရော အချိန်းအပြောင်း လုပ်ပြီးမှ ဝင်လို့ရတာ။ လူတွေတော့ လုံး၀ ဝင်လို့မရသေးဘူး”
လက်ရှိမှာ နောင်တောင်း နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို မီးသွေးအပါအဝင် ဒေသထွက်ကုန်တချို့ တင်ပို့နေပြီး တရုတ်နိုင်ငံဘက်ကနေတော့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ တစ်နိုင်တစ်ပိုင် ပြန်လည်တင်သွင်း နေတယ်လို့ သူက ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတွေရှိတဲ့ ချင်းရွှေဟော်၊ လောက်ကိုင်၊ မူဆယ်၊ ကြူကုတ် (ပန်ဆိုင်း)၊ မုံးကိုး၊ နမ့်ခမ်းမြို့တွေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထားပါတယ်။
သိမ်းပိုက်ထားတဲ့ မြို့တွေက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို လက်ရှိမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဘက်က ပြန်လည်ဖွင့်လှစ်ထားပေမဲ့ တရားဝင်ကုန်သွယ်မှုစနစ်တွေကတော့ အကောင်အထည်ဖော်နိုင်တာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
(မှတ်ချက် - နောင်တောင်းနယ်စပ်ဂိတ်မှတစ်ဆင့် တစ်နိုင်တစ်ပိုင် ကုန်စည်တင်ပို့နိုင်ကြောင်း ဖြည့်စွက်ရေးသားထားပါသည်။)