မြိုလူမျိုးအဖြစ် သတ်မှတ်ဖော်ပြရေး သတင်းစာရှင်းလင်းပွဲ ကျင်းပ


2013.11.28

လူမျိုးစုတစ်ခုတည်းဖြစ်ပေမဲ့ "မြို" နဲ့"ခမိ" ဆိုပြီး နာမည်ကွဲနေတဲ့အပေါ် "မြို" စာပေ နဲ့ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ရန်ကုန်မြို့ မြန်မာ ဂျာနယ်လစ်များကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာ "မြို" လူမျိုးလို့ဖော်ပြပေးဖို့ တောင်းဆိုတဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်တယ်လို့ "မြို" စာပေနဲ ယဉ်ကျေးမှုအဖွဲ့အစည်းက ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးယက်သဲအောင်က ပြောပါတယ်။

“ခမိနဲ့ မြိုနဲ့ ကွဲနေတဲ့အခါကျတော့ ကျနော်တို့လူမျိုးတွေရဲ့ တိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ ဆုံးရှူံးသွားပါပြီ၊ အဲလိုဆုံးရှူံးသွားတဲ့အတွက် မြို နဲ့ ခမိ အတူတူပါပဲ၊ စကားလည်းအတူတူ၊ ယဉ်ကျေးမှုလည်းအတူတူ၊ ဘာသာစကားလည်းအတူတူ၊ ဆင်ယင်ထုံးဖွဲ့မှုလည်းအတူတူ၊ ဒါကြောင့်မို့ အားလုံးမြန်မာနိုင်ငံသူ နိုင်ငံသားတွေကို သိစေချင်ပါတယ်၊ မြို ခမိ လို့ ဘယ်လောက်ပဲရေးရေး ကျနော်တို့သည် တစ်ခုတည်းဖြစ်ပါတယ်”

"မြို" လူမျိုးတွေဟာ တိဗက်မြန်မာအနွယ်ဝင်တွေဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ ကျော်က မြန်မာနိုင်ငံမှာ အခြေချနေထိုင်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြိုလူမျိုးခေါင်းဆောင်တွေက ဆိုပါတယ်။

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်း စတဲ့ဒေသတွေမှာ နေထိုင်နေတာဖြစ်ပြီး လူဦးရေ ရှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။