မိုင် ၁၆၀၀ မြစ်ဆုံ လမ်းလျှောက်ပွဲ ခေါင်းဆောင် ၄ ဦး နှုတ်ထွက်
2014.04.06

ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြတဲ့ ဦးဆောင်ကော်မတီဝင် ကိုးဦးထဲက လေးဦးဟာ မနေ့က လမ်းလျှောက်အဖွဲ့ကနေ နှုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။
ကော်မတီအဖွဲ့ဝင် ၄ ဦး နှုတ်ထွက်လိုက်ရတဲ့အကြောင်းကို လမ်းလျှောက်အဖွဲ့မှာ စည်းရုံးရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး တာဝန်ယူခဲ့သူ ကိုသက်ပိုင်ဦးက အခုလို ပြောပါတယ်။
"လမ်းလျှောက်အဖွဲ့ခေါင်းဆောင်က စထွက်ပြီဆိုကတည်းက ဘာမှတိုင်ပင်ဆွေးနွေးမှု မရှိတော့ဘူးခင်ဗျ၊ တာဝန်အရမေးတဲ့ ဒေသခံအာဏာပိုင်တွေကိုလည်း မချေမငံပြောတာဆိုတာတွေ ဒါတွေကတော့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းနဲ့ မဆီလျော်သလိုဖြစ်နေလို့ဗျ၊ ပြည်သူတွေက လှူဒါန်းလာတဲ့ အလှူငွေတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှအသိပေးရှင်းလင်းမှုမရှိဘူး၊ လမ်းခရီးတစ်လျှောက်မှာ လုပ်ငန်းလိုအပ်ချက်အရ အစည်းအဝေးလုပ်မယ်လို့ သူ့ဆီကိုတင်ပြတဲ့အချိန်မှာလည်း ငြင်းဆန်ပါတယ်၊ ကိုယ့်သဘောကိုယ်ဆောင်နေတဲ့ သဘောသက်ရောက်နေလို့ ကျနော်တို့က နှုတ်ထွက်မယ်လို့ စဉ်းစားမိတာပါ"
မြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့အတွက် ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ကနေ လူပေါင်း ၁၀၀ လောက် စတင်ထွက်ခဲ့ကြတာပါ။ သူတို့ဟာ မိုင်ပေါင်း ၁၆၀၀ (တစ်ထောင့်ခြောက်ရာ) ခရီးကို လေးလ (၄ လ) နီးပါးကြာ လျှောက်ဖို့ စီစဉ်ထားပြီး အခုဆိုရင် တောင်တွင်းကြီးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။
အဲဒီအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် လေးဦးနှုတ်ထွက်သွားပေမယ့် ဧရာဝတီမြစ်ဆုံအနီးက တန်ဖဲကျေးရွာအထိ ဆက်လက်လမ်းလျှောက်ကြမယ်လို့ သိရပါတယ်။