မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆို


2019.03.25
myitsone-protest-622.jpg မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ၂၀၁၉၊ မတ် ၂၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ ဆန္ဒပြ တောင်းဆိုကြစဉ်
Photo: Kyaw Zaw Win/ RFA

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၁၀၀ နီးပါးဟာ ရန်ကုန်မြို့ မြို့တော်ခမ်းမရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းဖို့ ရန်ကုန်မြို့ နာရေးကူညီမှု အသင်းရန်ကုန်မှာ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ရှိပြီး ဥပဒေပညာရှင်တွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေနဲ့ ရာသီဥတုဆိုင်ရာ ပညာရှင်တွေလည်း ပါဝင်သွားမယ်လို့ ဒီနေ့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးမြတ်ကျော်က ပြောပါတယ်။

ဆန္ဒပြပွဲကို ရန်ကုန်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအပြင် ပဲခူးမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေလည်း ပူးပေါင်းပါဝင်ခဲ့တာကို တွေ့ရပါတယ်။

မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်ဖို့အတွက် တရုတ် CPI ကုမ္ပဏီက အစိုးရချင်း တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုနေပြီး စီမံကိန်းကို ကန့်ကွက်တာတွေ မလုပ်ဖို့ ကချင်ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ဖိအားပေးတာတွေ ရှိနေပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြစ်ဆုံစီမံကိန်းကို စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေကနေ ကြည့်ရှုဆုံးဖြတ်သွားမယ်လို့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ဒေသခံတွေကို မတ်လ ဆန်းပိုင်းက တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။