မြစ်ဆုံဒေသခံတွေ မူလရွာတွေမှာ ပြန်လည်နေထိုင်နိုင်ရေး ဆွေးနွေး
2018.01.29

ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် မူလ ရပ်ရွာတွေကနေ ရွှေ့ပြောင်း နေထိုင်နေကြရတဲ့ ရွာသားတွေက စီမံကိန်းကြောင့် ဒေသခံပြည်သူတွေ လူမှုစီးပွား ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေကို အောင်မြင်သာရွာ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
မူလရွာတွေမှာ ပြန်လည်နေထိုင်နိုင်ရေးနဲ့ ရေကာတာစီမံကိန်းကို ဆက်လက်အကောင်အထည် မဖော်ဖို့ အဓိကထား ဆွေးနွေးခဲ့တယ်လို့ စီမံကိန်းကြောင့် တန်ဖရဲ ရွာကနေ အောင်မြင်သာရွာမှာ ရွှေ့ပြောင်းနေရတဲ့ ဒေါ်လုရာ က ပြောပါတယ်။
"ကျမတို့ရဲ့ ဆုံးဖြတ်ချက်က ဆက်လက်ပြီးမှ ကျမတို့က ကိုယ့်ရဲ့ရွှေ့ပြောင်းခဲ့တဲ့ရွာဟောင်းကို ဘယ်လိုနည်းနဲ့ ပိုင်ဆိုင်ရအောင်ညှိနှိုင်းတယ်၊ မြစ်ဆုံစီမံကိန်းကို သဘောတူသလား သဘောမတူဘူးလားဆိုတာ ဆန္ဒခံယူတယ်၊ ရလဒ်က အကုန်လုံးက သဘောမတူဘူးပေါ့"
မြစ်ဆုံစီမံကိန်းကြောင့် တန်ဖရဲ၊ မြစ်ဆုံ၊ လဖျဲ့ကထောင်၊ အောင်ဂျာယန်၊ ဒေါင်ပန် စတဲ့ ရွာတွေကနေ မလိယန်နဲ့ အောင်မြင်သာရွာတွေမှာ ရွှေ့ပြောင်းနေထိုင်နေကြတာ တချို့က ၆ နှစ်နဲ့ တချို့က ၇ နှစ်ရှိပြီဖြစ်ပါတယ်။
မူလရွာတွေမှာနေစဉ်က တောင်ယာစိုက်ခင်းလုပ်တာ၊ တနိုင်တပိုင် ရွှေကျင်တာ၊ ငါးဖမ်းတာ စတာတွေကို လုပ်ကိုင်လို့ရပေမယ့် အခုနေထိုင်ရတဲ့ ရွှေ့ပြောင်းရွာတွေမှာတော့ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာလို့ ဆိုပါတယ်။
အဲဒီမြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့နေရတဲ့ ရွာသားတွေဟာ မြစ်ဆုံရေကာတာ အကောင်အထည် မဖော်ဖို့နဲ့ မူလရွာတွေမှာ ပြန်လည်နေထိုင်ကြရဖို့ မကြာခဏ ဆန္ဒပြနေကြတာဖြစ်ပြီး၊ ဒီကနေ့တွေဆုံပွဲကို ဒေသခံရွာသား အယောက် ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။