မြစ်ကြီးနား-ပူတာအိုလမ်း ပျက်စီးနေပြီး ကုန်သွယ်မှု ထပ်မံရပ်ဆိုင်း

RFA Burmese
2024.07.09
မြစ်ကြီးနား-ပူတာအိုလမ်း ပျက်စီးနေပြီး ကုန်သွယ်မှု ထပ်မံရပ်ဆိုင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း၊ တံတားများ ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ကတွေ့ရစဥ်။
Citizen Photo

ကချင်ပြည်နယ် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်းမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လမ်း၊ တံတားတွေ ပျက်စီးနေပြီး ကားတွေ သွားမရတော့တဲ့အတွက် ကုန်သွယ်မှုရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေက ဇူလိုင်လ ၉ ရက်နေ့မှာ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် သုံးလနီးပါး ပိတ်နေတဲ့ဒီလမ်းကို ဇွန်လ ၈ ရက်နေ့က နှစ်ဖက်တပ်တွေက ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဇူလိုင်လဆန်းပိုင်းမှာပဲ သဘာဝဘေးအန္တရာယ်ကြောင့် လမ်းပြန်ပိတ်ပြီး ကုန်သွယ်မှုတွေ ထပ်မံရပ်ဆိုင်းသွားတာပါ။

မြစ်ကြီနား-ပူတာအို လမ်းတစ်လျှောက် မြေပြိုတာနဲ့ တံတားကျိုးနေတာတွေရှိပြီး ကုန်ပစ္စည်းတွေ ထပ်မဝင်တော့တာကြောင့် ပူတာအိုမြို့မှာ ကုန်ဈေးနှုန်းတွေ ပြန်တက်လာတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“လမ်းက တော်တော်ပျက်သွားပြီး။ အခု လမ်းက ပြန်ပြင်ရင်တောင် လနဲ့ချီပြီး ကြာနိုင်တယ်။ ဆိုင်ကယ်တောင်မှ တချို့နေရာ သွားလို့မရဘူး။ မြစ်ကြီးနားကနေ တီယန်ဇွပ်ရွာအထိက လမ်းပြိုသွားတဲ့နေရာတွောမှာ စက်လှေနဲ့ဖြတ်ရတယ်။ မြေပြိုတဲ့နေရာ တော်တော်များတယ်။ ဆွမ်ပရာဘွမ်ရောက်တဲ့ တောက်လျှောက်ပဲ။ လမ်းအသစ် ပြန်ဖောက်ရတော့မယ်။ အခုက ပူတာအိုမှာလည်း ကုန်စျေးနှုန်းတွေ ပြန်ကြီးလာနေပြီ”

လက်ရှိမှာတော့ ပူတာအိုမြို့မှာ ကြက်ဥတစ်လုံး တစ်ထောင်ကျပ်၊ ဓာတ်ဆီတစ်ပုလင်း ကျပ်နှစ်သောင်းနဲ့ ဆန်တစ်အိတ်ကို ကျပ်နှစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေတယ်လို့ သူက ပြောပါတယ်။

ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း၊ တံတားများ ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ကတွေ့ရစဥ်။ (Citizen Photo)
ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် မြစ်ကြီးနား-ပူတာအိုလမ်း၊ တံတားများ ပျက်စီးနေသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ကတွေ့ရစဥ်။ (Citizen Photo)

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းမှာ မတ် ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်လာတဲ့နောက် ကားလမ်းကို သုံးလကြာ ပိတ်ထားခဲ့တုန်းကလည်း ပူတာအိုမှာ အခြေခံစားကုန်၊ စက်သုံးဆီနဲ့ ကုပစ္စည်းတွေ ပြတ်လပ်ခဲ့ပြီး ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။