မြစ်ကြီးနားမှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရေး ဆိုင်းငံ့ထား ဖို့ တောင်းဆို
2015.02.04

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်း အမှတ်အဖြစ် မြစ်ကြီးနားမြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့စီစဉ် တာကို ဆိုင်းငံ့ထားပေးဖို့ ကချင် အမျိုးသားများ အတိုင် ပင်ခံအဖွဲ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာရေးသားတောင်းဆိုထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ ချမှတ်ခဲ့တဲ့ ဖက်ဒ ရယ်ပြည်ထောင်စုလိုမျိုး ဖြစ်ပေါ်လာတဲ့ အချိန်မှသာ ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူခွင့်ပေးဖို့ တင်ပြထားတာဖြစ် တယ်လို့ ကချင် အမျိုးသားများအတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဦးလဘန်ဂမ်အောင်က ပြောပါတယ်။
"ကန့်ကွက်တယ်ဆိုတာ လုံးလုံးကန့်ကွက်တာ မဟုတ်ပါဘူး၊ ခဏဆိုင်းငံထားဖို့ပေါ့နော်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပင်လုံကတိကဝတ်မှာ လက်မှတ်ရေးထိုးထားတဲ့ဟာတွေရှိတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုလေးဖြစ် လာအောင်ပေါ့နော် ၊ ကျနော်တို့ရဲ့ခေါင်းဆောင်တွေရဲ့ ရုပ်ထုပေါ့နော်၊ ဗိုလ်ချုပ်နဲ့ အတူတူစိုက်ထူချင်တာပေါ့"
ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးပို့ထားတဲ့စာကို ကချင်ပြည်နယ်က နိုင်ငံရေး ပါတီတွေနဲ့ ခရစ်ယာန် ဘာသာရေး အဖွဲ့တွေထံကိုလည်း ပေးပို့ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် ကြေးရုပ်ထုစိုက်ထူရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဦး ကတော့ မူလစီစဉ်ထားတဲ့အတိုင်း ကြေးရုပ်ထု ကို စိုက်ထူသွားမှာဖြစ်တယ်လို့ ပြောပါတယ်။
" ကျနော်တို့ကနဂိုတိုင်းပဲဆောင်ရွက်သွားမှာ၊ သူတို့ကဒီလိုကန့်ကွက်တယ်ဆိုရင်လဲ ခုနကလူနည်းစုပဲဖြစ် ပါတယ်၊ ကျနော်တို့ဆက်လက်ပြီး အကောင်အထည်ဖော်သွားဖို့ ကျနော်တို့ ဒီအစည်းအဝေးမှာပဲ အကုန်လုံး ဆုံးဖြတ်တာဖြစ်ပါတယ်၊ ကျနော်တို့က ပြည်သူလူထုမြင်သာထင်သာရှိတဲ့နေရာလေး ကလေးတွေကို ဗိုလ်ချုပ်စိတ်ဓာတ်လေး ပြန်ဝင်လာပြီးမှ နိုင်ငံချစ်စိတ်လေး တိုးတက်ပျံ့ပွားလာအောင် ကျနော်တို့ရည်ရွယ်ပြီး လုပ်ခဲ့တာဖြစ်ပါတယ်၊ ဒါဟာလဲ ဘယ်ပါတီအဖွဲ့အစည်းတစ်ခုကိုမှ ကိုယ်စားမပြုဘဲနဲ့ ဗိုလ်ချုပ်ရဲ့ကျေးဇူး ကို တုန့်ပြန်တဲ့အနေနဲ့ တစ်သက်မှာတစ်ခါပဲ ကြုံတွေ့ရတဲ့ ဗိုလ်ချုပ်ရဲ့ နှစ် ၁၀၀ ပြည့်မှာဒီဟာကို စိုက်ထူနိုင်ဖို့ အတွက်၊ အားလုံးအတုယူနိုင်ဖို့အတွက် ကျနော်တို့လုပ်တာပါ"
ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အထိမ်းအမှတ် ကြေးရုပ်ထုစိုက်ထူရေးကော်မတီကို မြစ်ကြီးနားမြို့မှာရှိတဲ့ ကချင်၊ ရှမ်း၊ ဗမာ စတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။