သိမ်းယူခံရတဲ့မြေတွေ ပြန်လည် ရရှိဖို့ ဒေသခံတွေ ဆန္ဒပြတောင်းဆို


2016.12.24
myeik-farmers-protest-620.jpg တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ သိမ်းဆည်းခံထားရတဲ့မြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့အတွက် ဆန္ဒပြတောင်းဆိုကြစဉ်
Photo: Moe Thu Aung

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုမှာ မြို့သစ်စီမံကိန်းကြောင့် ရွာ ၇ ရွာက သိမ်းဆည်းခံထားရတဲ့မြေတွေကို မှတ်ပုံတင်ခွင့်ပေးဖို့အတွက် ဒေသခံ ၂၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆို ကြပါတယ်။

ဒေသခံတွေကို မြေယာပိုင်ဆိုင်ခွင့်ချမပေးပဲ လုပ်ငန်းရှင်တွေကို ချပေးနေတဲ့အတွက် ဆန္ဒပြတာဖြစ်တယ် လို့ ကျောက်ဖျာရွာသား ကိုမြတ်ငယ်က ပြောပါတယ်။

"လက်ရှိမြို့သစ်စီမံကိန်းနဲ့ သိမ်းဆည်းခံလယ်ယာမြေကိစ္စကိုတွေ ပြန်လည်ဖြေရှင်းပေး၊ ပြီးရင် ကျနော်တို့နေထိုင်နေတဲ့ မြေယာပိုင်ဆိုင်မှုကို ခိုင်မာအောင်ဆောင် ရွက်ပေးဖို့ အဲ့ဒါတွေတောင်းဆိုတာပါ"

မြိတ်မြို့ကျောက်ဖျာမြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ၂၀၀၄ ခုနှစ်မှာ ရွာ ၇ ရွာက မြေဧက ၅ ထောင်ကျော်ကို အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တာဖြစ်ပါတယ်။

သိမ်းယူခံရတဲ့ ဒေသခံတောင်သူတွေက စီမံကိန်းကို ကန့်ကွက်တာတွေ၊ သိမ်းဆည်းခံမြေတွေကို ပြန်လည် စိစစ်ပေးဖို့ စာရေးသားတောင်းဆိုခဲ့ပေမယ့် ဖြေရှင်းပေးခြင်းမရှိဘဲ လုပ်ငန်းရှင်တွေကို မြေယာပိုင်ဆိုင်ခွင့်တွေ ချပေးနေတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ အကောင်အထည်မဖော်ဖြစ်တဲ့ ကျောက်ဖျာမြို့သစ်စီမံကိန်း ဖျက်သိမ်းပေးဖို့၊ သိမ်းဆည်းခံ ထားရတဲ့ မြေယာတွေကို ဥပဒေနဲ့အညီဖြစ်အောင် ဆောင်ရွက်ပေးဖို့၊ တောင်သူတွေရဲ့ မြေယာပိုင်ဆိုင်မှုကို ခိုင်မာအောင်ဆောင်ရွက်ပေးဖို့တို့ကို တောင်းဆိုခဲ့ကြပါတယ်။

အဲဒီစီမံကိန်းကြောင့် ထူးယာကြီးရွာကို ဖျက်လိုက်ရတဲ့အတွက် အဲဒီကျေးရွာကို ပြန်လည်ဖော်ဆောင်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲကို စီမံကိန်းကြောင့် ကျေးရွာဖျက်ပေးရတဲ့ ထူးယာကြီးကျေးရွာအပါအဝင် လော့လော၊ ကဘင်း၊ အထူးဆိပ်၊ အဒွင်းစတဲ့ ကျေးရွာ ၇ ရွာက ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။