မြေပုံဒေသခံ နှစ်ထောင်ကျော် တိုက်ပွဲကြောင့် ထွက်ပြေးရ
2019.12.24

ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာ ၅ ရွာက ဒေသခံ နှစ်ထောင်ကျော်ဟာ မနေ့ညက နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
မြေပုံမြို့နယ် စညှင်းကျေးရွာအနီးမှာ မနေ့က တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်တာတွေရှိခဲ့တဲ့အပြင် ကျေးရွာတွေအနီးကို လက်နက်ကြီး ကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် စညှင်းကျေးရွာအုပ်စုက ကျေးရွာ ငါးရွာက ဒေသခံတွေ မနေ့ညကတည်းက ထွက်ပြေးတိမ်းရှောင် သွားကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း က ပြောပါတယ်။
"မနေ့က တိုက်ပွဲဖြစ်တာ ရွာအရှေ့ဘက်တစ်မိုင်လောက်မှာဖြစ်တာ ရိုးချောင်တပ်စခန်းက လက်နက်ကြီးတွေနဲ့ ပစ်တော့ ရွာအနီးအနားကျတာပေါ့ အနီးအနားက တောတွေကို ပစ်နေတာဆိုတော့ သူတို့မနေရဲတော့ဘူး ပြန် ပြီးတော့ ရွာထဲကို စစ်သားတွေဝင်လာရင် သူတို့ကို စစ်ဆေးမလား ဖမ်းဆီးမလား နှိပ်စက်သတ်ဖြတ်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုကြောင့် ညချင်းပဲ ကမ်းထောင်းကြီးဘက်ကို ထွက်သွားကြတယ်။"
စညှင်း၊ အင်ကြင်း၊ ဟင်းခရော်၊ လီသွန်၊ ဆတ်ရ ကျေးရွာ ငါးရွာက ဒေသခံတွေဟာ ကမ်းထောင်းကြီးမြို့နဲ့ ညောင်ကန်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သိရပါတယ်။
နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာ စညှင်းကျေးရွာက ဒေသခံ ၁၂၀၀၊ အင်ကြင်းကျေးရွာ က ၂၆၀ ကျော်၊ ဟင်းခရော်ကျေးရွာက ၆၀၀ ကျော်နဲ့ လီမွန်နဲ့ ဆတ်ရကျေးရွာက ဒေသခံ ၄၀၀ လောက်ရှိပြီး စုစုပေါင်း ၂၀၀၀ ကျော် ရှိပါတယ်။
ကမ်းထောင်းကြီးမှာ ဒုက္ခသည်စခန်းရှိပေမယ့် ညောင်ကန်မှာတော့ ဒုက္ခသည်စခန်းမရှိဘဲ ဒေသခံအချင်းချင်း ကူညီကြတာလို့ စညှင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမော်ရွှေသန်း က ပြောပါတယ်။
"ကျွန်တော်တို့ စညှင်းနဲ့ အင်ကြင်းကတော့ ညောင်ကန်နဲ့ ကမ်းထောင်းကြီး ကျန်တဲ့အရှေ့ရွာတွေလည်း ကမ်းထောင်းကြီးပဲ ပြေးကြတယ် ။ ကမ်းထောင်းကြီးမှာတော့ ဒုက္ခသည်စခန်းရှိတာပေါ့ ညောင်ကန်ကတော့ ကျွန်တော်တို့ရွာသားတွေကို အိမ်တိုင်းကျွေးတယ်၊ တစ်အိမ် နှစ်ယောက် သုံးယောက် အဲလိုကျွေးကြတယ်။"
ကမ်းထောင်းကြီးမြို့က စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်ထဲက စညှင်းကျေးရွာအုပ်စုက ဒေသခံလောက် ၇၀၀ ထွက်ပြေးခိုလှုံနေကြတာပါ။
ကမ်းထောင်းကြီးဒုက္ခသည်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေများနေပြီး စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း လိုအပ်မှုတွေရှိနေတယ်လို့ စခန်းတာဝန်ရှိသူ ကိုသိန်းဝင်းက ပြောပါတယ်။
ဒုက္ခသည်စခန်းမှာ လူဦးရေက များလာတော့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်
"ကျွန်တော်တို့ ဒုက္ခသည်စခန်းမှာ လူဦးရေက များလာတော့ စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်။ လောလောဆယ် အဆောင်တွေ ဘာတွေ မရှိဘူးပေါ့ တာလာဘတ်တွေ မိုးပြီး ထားရတယ်။ အခုရောက်တဲ့ စာရင်းက ကောက်နေတုန်းမို့ တိတိကျကျ မပြောနိုင်သေးဘူး။"
ဒီနေ့ရောက်ရှိလာသူတွေကို စာရင်းပြုစုနေဆဲဖြစ်ပြီး လူဦးရေအတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။ ကမ်းထောင်းကြီး စစ်ဘေးဒုက္ခသည်တွေကို အစိုးရက ကူညီထောက်ပံ့ပေးမှုမရှိကြောင်းလည်း ဦးသိန်းဝင်း က ပြောပါတယ်။
အကူအညီလိုအပ်နေတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီလိုပေမယ့် ပြည်နယ်အစိုးရက ခွင့်ပြုချက်မပေးတဲ့အတွက် ကူညီဖို့မလွယ်ဘူးလို့ မင်းပြားမြို့နယ် ပရဟိတအဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။
"ကျွန်တော်တို့တွေ အကူညီပေးချင်တယ် ကူညီပေးနိုင်တယ်၊ တစ်ခု အခက်အခဲရှိတာ ဆန်တွေ ယူသွားလို့ မရဘူး။ ကားနဲ့သွားရင် လမ်းမှာ အစစ်အဆေးများတယ်၊ လှေနဲ့သွားမယ်ဆိုရင်လည်း သူတို့ဆီက ခွင့်ပြုချက် တင်ရတယ်။ ဒီအခက်အခဲတွေကြောင့် ကျွန်တော်တို့က သွားချင်တဲ့နေရာကို သွားခွင့်မရဘူးဖြစ်နေတယ်။ အစိုးရအဖွဲ့က တားတယ် ခွင့်ပြုချက်ဘာတွေမရှိရင် ပြန်ခိုင်းတယ် အဲဒါကြောင့် မသွားဖြစ်တာပါ။"
တပ်မတော်အနေနဲ့ကတော့ ပြည်နယ်အစိုးရရဲ့ခွင့်ပြုချက်နဲ့သာ လာရောက်မယ်ဆိုရင် အဖွဲ့အစည်းအကုန်လုံးကို သွားလာခွင့်ပြုမှာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေကို အကူအညီလိုအပ်နေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကို RFA က မေးမြန်းရာမှာ အခုလို ဖြေကြားပါတယ်။
"ရုတ်တရက်ကြီးရောက်လာတယ်ဆိုတော့ တခါထဲ အဆင်သင့်တော့ မဖြစ်ဘူးပေါ့၊ ဒါပေမဲ့ သိတဲ့အချိန်မှာ အချိန်နဲ့ တပြေးညီ လုပ်ပေးပါတယ်။ ဆန်ရိက္ခာကတော့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းပြီးတော့ ခွင့်ပြုချက်ယူပြီးမှ သွား လို့ရမယ် ဘာ့ကြောင့်လဲဆိုတော့ နေပြည်တော်ကလည်း ထောက်ပံ့နေတာရှိတယ်။ အဲဒါက လှူဒါန်းချင်တယ် ဆိုရင် ကျွန်တော်တို့လုပ်ပေးပါတယ်။"
ကမ်းထောင်းကြီး ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ဇူလိုင်လလောက်ထဲက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်စဉ်က လူဦးရေ ၁၈၀၀ လောက်ရှိခဲ့ပြီး နောက်ပိုင်းမှာ ဒုက္ခသည်တွေက နီးစပ် ရာဆွေမျိုးတွေဆီကို သွားရောက်နေထိုင်ကြသူတွေရှိသလို ကမ်းထောင်းကြီးမြို့ပေါ်မှာပဲ အိမ်ငှားနေထိုင်ကြ သူတွေရှိတာကြောင့် လက်ရှိမှာ ဒုက္ခသည် ၁၂၀၀ လောက်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံ တစ်သိန်းနီးပါးရှိနေပြီလို့ အရပ်ဘက်အဖွဲ့ စာရင်းတွေအရ သိရပါတယ်။
နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက စစ်ဘေးတိမ်းရှောင်နေတဲ့သူတွေကို ကူညီပေးနိုင်တဲ့အခြေအနေ မရှိသေးပါဘူး။