ရန်ကုန်- စစ်တွေ ကားလမ်းမပေါ် ခရီးသည်တင်ကား မိုင်းထိ
2019.06.01

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပင်ကပ်ချောင်းအုပ်စု ချောင်းကြီး ကျေးရွာအနီးက စစ်တွေ-ရန်ကုန် ကားလမ်းမပေါ်မှာ ခရီးသည်တင်ကားတစ်စီး မေ ၃၁ ရက်နေ့ မနေ့ညနေပိုင်းက မိုင်းထိမှန်ခဲ့ပါတယ်။
စစ်တွေကနေ ရန်ကုန်မြို့ကိုထွက်ခွာလာတဲ့ ရွှေမန်းရတနာ ခရီးသည်တင်ကားတစ်စီးဟာ ညနေ လေးနာရီခွဲအချိန် ချောင်းကြီးကျေးရွာအနီးရောက်ရှိချိန်မှာ AA ရက္ခိုင့်တပ်မတော်က ထောင်ထားတဲ့မိုင်း ထိမှန်ခဲ့တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မိုင်းထိခဲ့ပေမယ့်လည်း ကားပေါ်ပါခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာမရှိဘဲ ကားကတော့ အတော်လေး ပျက်စီးသွားပါတယ်။
AA အဖွဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အဲဒီကားမိုင်းထိမှန်ခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်ဖက်က စွပ်စွဲထားသလို အများပြည်သူ ထိခိုက်စေမယ့်လုပ်ရပ်မျိုးကို AA အဖွဲ့က လုပ်ဆောင်တာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။