မြေပုံမှာ လယ်သမားတွေ ဆန္ဒပြ


2016.03.02
myaypon-protest-620.jpg ပုစွန်ကန်တွေကိုပါ ဆည်ဖို့ပေးဖို့ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ငမန်းရဲကျွန်းက ဒေသခံတွေ မတ်လ ၂ ရက်နေ့က ဆန္ဒပြတောင်းဆိုနေစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ငမန်းရဲကျွန်းတာတမံ ဆည်ဖို့ရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပုစွန်ကန်တွေကို ချန်လှပ်ပြီး ဆည်ဖို့နေတာကြောင့် ဒေသခံ ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။

ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေ ပျက်စီးနေတဲ့အတွက် တာတမံကို ဆည်ဖို့ရာမှာ ပုစွန်ကန်တွေကိုပါ ဆည်ဖို့ ပေးစေချင်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ပြင်ချောင်းရွာခံ ဦးမောင်လှခင်က ပြောပါတယ်။

"ပုစွန်ကန်လုပ်တဲ့သူကတော့ နည်းတာပေါ့နော်၊ မရှိဆင်းရဲသား လက်လုပ်လက်စား သမားတွေက ပိုများတယ်၊ လက်လုပ်လက်စားသမားတွေက သား၊ သမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာတစ်ခုမှ အဆင်မပြေပါဘူး၊ သူတို့ကျရင်တော့ပြေကြ ပါတယ်၊ ဒါပေမယ့် သူတို့ကို ကျနော်တို့က မုန်းတီးလို့ပြောတာ မဟုတ်ပါဘူး၊ အရှိကိုအရှိတိုင်းပြောတာပါ၊ အရှိကိုအရှိတိုင်း လုပ်ပေးပါလို့ ကျနော်တို့က ဒီတိုင်းပဲပြောချင်ပါတယ်"

ငမန်းရဲကျွန်း တာတမံအတွင်းမှာရှိတဲ့ ပြင်ချောင်း၊ လွန်းလုံးပိုက်၊ တံတားဦး၊ မျောက်ကြိမ် စတဲ့ ကျေးရွာ ၉ ရွာက ဒေသခံတွေဟာ ဘောဂဓဘုရားအနီးက တာတမံသစ်နေရာမှာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ငမန်းရဲကျွန်းဟာ ပင်လယ်ဆားငန်ရေဒေသဖြစ်တာကြောင့် လွန်ခဲ့တဲ့ ၁၉၈၀ ခုနှစ်ဝန်းကျင်လောက်က အစိုးရက ကျွန်းတစ်ခုလုံးကို မိုင်ပေါင်း ၃၆ မိုင်ကျော် ရှည်လျားတဲ့ ရေငန်တားတဲ့ တာတမံနဲ့ ဆည်ဖို့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး အစိုးရက ပုစွန်ကန်တွေကို ချန်လှပ်ပြီး ၁၅ မိုင်လောက်ရှည်လျားတဲ့ တာတမံသစ်ကို ဆည်ဖို့ နေတာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေက လယ်ယာမြေတွေပေါ်မှာ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းတွေကို တိုးချဲ့လုပ်ကိုင် လာခဲ့ကြတာကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေ အတော်များများ အဲဒီပုစွန်ကန်ဧရိယာထဲ ရောက်ရှိသွားကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငမန်းရဲ ကျွန်းတာတမံအတွင်းမှာ အရင်က ပြင်ချောင်း၊ လွန်းလုံးပိုက်၊ တံတားဦး၊ မျောက်ကြိမ် စတဲ့ ကျေးရွာ ၁၃ ရွာရှိခဲ့ရာကနေ လယ်ယာမြေတွေထဲ ဆားငန်ရေတွေဝင်ရောက်တာကြောင့် စိုက်ပျိုးလို့မရတော့တဲ့အတွက် ကျေးရွာ ၄ ရွာလောက်ဟာ ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။