မြဝတီက လောင်းကစားရုံတွေ ရှင်းလင်းပေးဖို့ မြို့ခံတွေတောင်းဆို

2018.01.17
myawaddy-casino-622.jpg ကာစီနို လောင်းကစားဝိုင်းတွေရှိတဲ့ မြဝတီမြို့ သောင်ရင်းမြစ်ကမ်းဘေးက အဆောက်အအုံတစ်ခုကို တွေ့ရစဉ်
Photo: Myawaddy Complex / Facebook

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မြို့တွင်းမြို့ပြင်မှာရှိတဲ့ လောင်းကစားရုံတွေ၊ အာဝါးဒေးဇာတ်ပွဲတွေကို ဖယ်ရှား ရှင်းလင်းပေးဖို့ မြို့မိမြို့ဖတွေက ကရင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးကို ဒီကနေ့ စာပေးပို့တောင်းဆိုလိုက်ပါတယ်။

တရားမဝင်ဖွင့်ထားတဲ့ ကာစီနိုရုံတွေ၊ ဇာတ်ပွဲတွေကြောင့် မြို့ခံတွေ အကျင့်စာရိတ္တ ပျက်စေတဲ့အတွက် ပိတ်ပေးဖို့ နယ်လုံကို စာတင်တာလို့ မြို့မိမြို့ဖတစ်ဦးဖြစ်တဲ့ ဦးသန့်ဇင် ကပြောပါတယ်။

"တရားမဝင်ဖွင့်ထားတဲ့ ကာစီနိုရုံတွေ မြို့ထဲမှာရှိတဲ့ ဇတ်ပွဲတွေ၊ အဲဒါတွေက ကျောင်းသားတွေ စာမေးပွဲလည်း ဖြေဆိုဖို့နီးနေပြီ၊ စာကျက်ချိန်လည်း ဘယ်လောက်မှ မရှိတော့ဘူးပေါ့နော်၊ မြို့မှာရှိတဲ့လူတွေလည်း အကျင့် စာရိတ္တ ပျက်ပြားကုန်ပြီ၊ အဲဒါတွေအတွက် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါဆိုပြီး ကျတော်တို့ အနေနဲ့ တောင်းပန်ပြီး တင်ထားတာ၊ မြို့မှာ ဒါတွေနဲ့ပတ်သက်ပြီး အလိုမရှိပါဘူးဆိုတဲ့အကြောင်း နယ်လုံကို စာတင်လိုက်ပြီ၊ အဲဒါမြို့မိမြို့ဖတွေကနေ တင်ထားတဲ့စာပါ"

မြဝတီမြို့မှာ ၂၄ နာရီဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေနဲ့ အာဝါဒေးဇာတ်ပွဲတွေကြောင့် အတန်းတင်စာမေးပွဲဖြေ ဆိုကြမယ့် ကျောင်းသားတွေ စာကျက်မရဘဲ အနှောင့်အယှက်ဖြစ်နေပြီး မြို့အတွင်း ဒုစရိုက်မှုတွေ များလာတာယ်လို့ တောင်းဆိုတဲ့စာမှာ ပါရှိပါတယ်။

မနေ့ကညနေပိုင်းက မြို့စည်ပင်ဥက္ကဌ၊ မြို့မိမြို့ဖ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက် အဖွဲ့တွေ မြဝတီမြို့ အာဇာနည်ပန်းခြံခန်းမမှာတွေ့ဆုံပြီး မြို့ပေါ်က လောင်းကစားရုံတွေ ပိတ်ပေးဖို့ကိစ္စကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

အလားတူ အရပ်ဖက်အဖွဲ့တွေ၊ တတ်ကြွလှုပ်ရှားသူတွေ၊ မြို့သူမြို့သားတွေကလည်း ဆွေးနွေးတိုင်ပင်ကာ မြဝတီမြို့အတွင်း လောင်းကစားရုံတွေ ရာသက်ပန်ပိတ်သိမ်းပေးဖို့ လာမယ့် တနင်္ဂနွေနေ့မှာ ဆန္ဒပြတောင်းဆို သွားမယ်လို့ သိရပါတယ်။

ဒီလောင်းကစားရုံတွေဟာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်မှုတွေရှိတာကြောင့် အရေးယူမှု အပိုင်းတွေမရှိဘူး လို့လည်း အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။