တပ်ကဖမ်းဆီးထားတဲ့ မြဝတီမင်းကြီး ဆရာတော်ကို လူဝတ်လဲရုံးထုတ်

တပ်မတော်က အသရေဖျက်မှုပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုခံထားရတဲ့ မန္တလေးမြို့က မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာဘိဝံသကို လူဝတ်လဲခိုင်းပြီး ပြည်ကြီးတံခွန်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ညက ဆရာတော်ကို မြဝတီမင်းကြီးကျောင်းတိုက်မှာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့တာပါ။
အခုလက်ရှိ ဆရာတော်ကို တရားစွဲတဲ့ အမှုဟာ ၂၀၁၉ ခုနှစ်တုန်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-ဗိုလ်မှူးကြီး သော်တာထွေး တရားလိုလုပ်တိုင်ကြားထားတဲ့ အမှုဖြစ်ပါတယ်။
မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် အရှင် အရိယာဝံသာဘိဝံသက “အခြေခံဥပဒေကိုချိုးဖောက်တာပါ။ ပုဒ်မ ၅၀၀ နဲ့ အာမခံရတာကို အထက်အမိန့်ရဆိုပြီး ဖမ်းတာပါ။ အခြေခံဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်။ မဖောက်ဖျက်ပါနဲ့လို့ ပြောချင်တယ်" လို့ ဒီကနေ့ တရားရုံးထုတ်အပြန် အချုပ်ကားပေါ်ကနေ မီဒီယာတွေကို မိန့်ကြားခဲ့ပါတယ်။
မြဝတီမင်းကြီးကျောင်းတိုက်မှာ ကျန်ခဲ့တဲ့ သံဃာတော်တွေကတော့ ဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာကြောင့် လာရောက်ဖမ်းဆီးသွားတာလို့ မိန့်ကြပါတယ်။
ရန်ကုန်အခြေစိုက် ခေတ်သစ်မီဒီယာမှာ ဆရာတော်ရဲ့ အင်တာဗျူးဖြေဆိုချက်တွေဟာ တပ်မတော်ကို သိက္ခာကျစေတယ်ဆိုပြီး ၂၀၁၉ ခုနှစ်တုန်းက အသရေဖျက်မှုပုဒ်မ (၅၀၀) နဲ့ တရားစွဲခံထားရပြီး အမှုအတွက် အာမခံရထားတာဖြစ်ပါတယ်။
ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ပြန်ကြားရေးအရာရှိ ဒေါ်ကြည်ပြာဆင့်က “ဒီကနေ့ တရားခံပြသက်သေတွေစစ်ဖို့ကို ဆရာတော်ရဲ့ရှေ့နေက မလာရောက်ခဲ့လို့ လာမယ့် ၉ ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ အမှုကဦးတိုက်စွဲဆိုထားတာပါ" လို့ ပြောပါတယ်။
မန္တလေးမြို့မှာ တပ်မတော်ကတရားစွဲဆိုထားတဲ့ သံဃာတော် သုံးပါးရှိပါတယ်။ အဲဒီထဲက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခံထားရတဲ့ ဆရာတော် ဦးသောဘိတ အလင်္ကာကြယ်ကိုလည်း တပ်မတော် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ညမှာ ဖမ်းဆီးခဲ့ပြီးနောက် ဒီကနေ့ အမရပူရမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဆရာတော် ဦးသောဘိတဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ထောက်ခံအားပေးတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး လာရောက်ဖမ်းဆီးခံရချိန်မှာလည်း ကြမ်းတမ်းစွာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆရာတော်နဲ့ ဆွေမျိုးနီးစပ်သူတစ်ဦးက ပြောပါတယ်။
တပ်က ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲထားတဲ့ နောက်ထပ်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးစိန္တိတကိုလည်း ပြည်ကြီးတံခွန်မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်စစ်ဆေးဖို့ ချိန်းဆိုထားပေမယ့် ဆရာတော် လာရောက်တာ မတွေ့ရပါဘူး။
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်ရဲ့ ဒီကနေ့ရုံးထုတ်ကို သံဃာတော်တွေနဲ့ မိသားစုဝင်တွေ လာရောက်ခဲ့ပေမယ့် တွေ့ဆုံခွင့်မရခဲ့သလို တရားခွင်အတွင်း ဝင်ရောက်နားထောင်ခွင့်လည်း မရခဲ့ဘူးလို့ သိရပါတယ်။