INGO တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦး မြို့ခံတွေ တောင်းဆို
2013.12.23

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့ခံတွေရဲ့ တောင်းဆို ချက်တွေကို မလိုက်လျောတဲ့ နိုင်ငံတကာအဖွဲ့အစည်း INGOs တွေကို ရုံးခန်းမငှားကြဖို့ မြောက်ဦးမြို့က ဟိုတယ်နဲ့ တည်းခိုခန်းပိုင်ရှင်တွေကို မြို့ခံတွေက အစည်းအဝေးခေါ်ယူပြီး တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
လူမှုရေးအကူအညီတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ မွတ်စလင်တွေဘက်ကို အလေးပေးကူညီနေတယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ မြောက်ဦးမြို့ခံတွေက ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီးထွက်ခွာကြဖို့ ပြီးခဲ့တဲ့သတင်းပတ်က သဘောထားကြေညာချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။
နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ ငှားရမ်းနေတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအပါအဝင် မြို့ပေါ်ဟိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၀ ကျော်က တာဝန်ရှိသူတွေကို ခေါ်ယူတိုက်တွန်းလိုက်တာဖြစ်ကြောင်း မနေ့က အစည်းအဝေးတက်ရောက်ခဲ့တဲ့ မြို့ခံ ကိုပေါက်စက ပြောပါတယ်။
"ဟိုတယ်တွေက အန်ဂျီအိုနဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်၊ ၂ဝ ရက်နေ့ နောက်ဆုံးထားပြီးတော့ သူတို့က လူထုဆန္ဒကို မလိုက်နာဘဲနဲ့ ဆက်လက်ရှိနေတဲ့အတွက် ဒီကိစ္စကို ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ ဆွေးနွေးတာပါ"
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အရေးပေါ်စီမံကိန်းတာဝန်ခံ Simon Tyler က မိမိတို့အနေနဲ့ ဒေသခံတွေရဲ့ဆန္ဒတွေကို ဆန့်ကျင်တာမျိုးမပြုလုပ်သလို အကူအညီပေးရေးကိစ္စရပ်တွေဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ပြုလုပ်တာဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့လည်း ပူးပေါင်းပြီးဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း စကားပြန်ကတစ်ဆင့် RFA ကို ပြောကြားပါတယ်။
"ကျနော်တို့တွေက နိုင်ငံတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်တာတို့ ငြင်းဆိုတာတို့ ကျနော်တို့ဘက်က လုပ်တာမျိုးမရှိပါဘူး၊ ဒါပေမယ့် ဝန်ကြီးရယ်၊ ကျနော်တို့အဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ပြီး လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ ဒီပြည်နယ်ဝန်ကြီးနဲ့ပေါ့နော် သက်ဆိုင်ရာဝန်ကြီးဌာန နဲ့ ဆွေးနွေးပြီးတော့ အတူတူလုပ်တာမျိုးကို ကျင့်သုံးနိုင်ဖို့၊ ပြီးတော့မှ ရခိုင်ပြည်နယ်တပြည်လုံးမှာ ကျင့်သုံးနေတဲ့ပုံပါပဲ၊ ကျနော်တို့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာန ဆွေးနွေးပြီးတော့ ကျနော်တို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်"
အဖွဲ့အစည်းတွေကို ငှားရမ်းထားတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေအားလုံး မနက်ဖြန် ဒီဇင်ဘာလ ၂၄ ရက်နေ့ နောက်ဆုံးထားပြီး ငှားရမ်းမှုတွေရပ်ကြဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။