ထိုင်းနယ်စပ်က ကရင်ရွာကို စစ်ကောင်စီလေယာဉ် ဗုံးသုံးလုံးကြဲ
ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ နယ်စပ်ဂိတ်အနီးက မဲ့ကသာ ရွာကို ကြာသပတေးနေ့ မနက်အစောပိုင်းမှာ မြန်မာစစ်တပ်က ဗုံး သုံးလုံးကြဲခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်လေယာဉ်တွေဟာ မနက် ၂ နာရီခွဲအချိန်မှာရောက်ရှိလာပြီး ကြဲချခဲ့တဲ့ ပထမဗုံးကြောင့် ဆေးရုံ တစ်ရုံ အနည်းငယ်ပျက်စီးသွားပြီး ဒုတိယနဲ့တတိယဗုံးတွေကြောင့် ဘုရားကျောင်းနဲ့ အဆောက်အဦးတချို့ မီးလောင်ခဲ့တဲ့အတွက် ပြန်လည်ငြှိမ်းသတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ မဲ့ကသာရွာဟာ ကရင်လွတ်မြောက်ရေးတပ် KNLA ထိန်းချုပ်နယ်မြေမှာရှိပြီး ဘုရားသုံးဆူနယ်စပ်ဂိတ်နဲ့ ၇ မိုင် ကျော်လောက်အကွာ ထိုင်းနိုင်ငံ ဆန်ခလာ့ဘူရီ မြို့နယ်နဲ့ နယ်ချင်းဆက်နေပါတယ်။
ဗုံးကြောင့်ထိခိုက်ဒဏ်ရာရရှိသူမရှိပေမဲ့ ရွာခံအများစုကတော့ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ကလည်း စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေ ပျံသန်းနေတယ်လို့ ဒေသခံတွေကို လွန်ခဲ့တဲ့ သုံးရက်က ကြိုတင်သတိပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီစခန်းတစ်ခုကို KNLA သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီတပ်သား ၃၀၀ ဝန်းကျင်အားဖြည့်ပြီး စခန်းကိုပြန်သိမ်းပိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိုင်းစစ်တပ်အထူးတပ်ဖွဲ့က ဒုတိယတပ်မှူး ဗိုလ်မှူးကြီးတစ်ဦးလည်း ဗုံးကျရောက်ရာဝန်းကျင်က ထိုင်း-မြန်မာ နယ်စပ်ကို လာရောက်စစ်ဆေးခဲ့ပြီး နယ်စပ်မှာ တိုက်ပွဲပြင်းထန်လာရင် ဒေသခံတွေကိုပြောင်းရွေ့ပေးဖို့ အစီအစဉ်တွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လောလောဆယ်တော့ ဘုရားသုံးဆူ ဒေသမှာ အခြေအနေ ငြိမ်သက်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။