မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်ကပဲငွေပေးချေတဲ့စနစ် စတင်ကျင့်သုံး

2022.11.01
မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ဘဏ်ကပဲငွေပေးချေတဲ့စနစ် စတင်ကျင့်သုံး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီး အလေးချိန်ချိန်ရန် စောင့်ဆိုင်းနေသည့် ကုန်တင်ကားများကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Photo: LILLIAN SUWANRUMPHA / AFP

နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေကို ဘဏ်စနစ်နဲ့ဆောင်ရွက်သွားရေး ကနဦးအဆင့်အနေနဲ့ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးမယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ဦးစီးဌာနက အောက်တိုဘာ ၃၁ ရက် မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က သွင်းကုန်လုပ်ငန်းတွေဟာ နိုဝင်ဘာ ၁ ရက် ဒီကနေ့ကစတင်ပြီး ဘဏ်စနစ်အသုံးပြုပြီး ငွေပေးချေရမှာဖြစ်ပါတယ်။

ဒီလိုဘဏ်စနစ်နဲ့ ကျင့်သုံးတာက သွင်းကုန်လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်နိုင်ပြီး ပို့ကုန်သမားတွေအတွက်ပဲ အဆင်ပြေနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"နှစ်ပိုင်းရှိတာပေါ့နော်။ တစ်ပိုင်းကတော့ သွင်းကုန်သမားတွေအတွက် အနှောင့်အယှက် ဖြစ်တာပေါ့။ လက်ရှိအများစုက ဟွန်ဒီနဲ့ပဲ လွှဲနေတာ။ ဘဏ်ကနေ မလွှဲကြဘူး။ သူတို့အတွက်က အဟန့်အတား ဖြစ်တာပေါ့။ နောက်တစ်ပိုင်းကတော့ ပို့ကုန်သမားပေါ့။ လောလောဆယ် တစ်ခါတလေကျရင် ဒေါ်လာက ရောင်းရတာခက်တယ်။ ကုန်ပို့ပြီး ငွေပြန်ဝင်လည်း တစ်ခါတလေကျရင် ဝယ်မဲ့သူ မရှိဘူး။ လူအများစုက အပြင်ကနေပဲ၊ ထိုင်းကလူဆိုရင်လည်း ထိုင်းကနေပဲ ဝယ်ပြီးလွှဲနေတာ။ အဲလိုဖြစ်တဲ့အတွက်ကြောင့် တင်ပို့သူတွေအတွက်ကတော့ သူတို့ရတဲ့စျေး ပြန်ပြီး ရလာနိုင်တယ်ပေါ့"

သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ သက်ဆိုင်ရာ ဘဏ်က ထုတ်ပေးတဲ့ အထောက်အထား (Credit Advice) နဲ့ ဘဏ် ငွေစာရင်းရှင်းတမ်း (Bank Statement) မူရင်းတွေကို ပူးတွဲပြီး ကုန်သွယ်ရေးဦးစီးဌာနထံ တင်ပြရမှာ ဖြစ်ပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဘဏ်ငွေစာရင်းလက်ကျန် ရှိသလောက်ကိုပဲ သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။