ထိုင်းနိုင်ငံ ရနောင်းမြို့က အချုပ်ထဲမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ
2023.01.29

ထိုင်းနိုင်ငံ ရနောင်းမြို့က မြန်မာပြည်ပြန်ရမယ့်သူတွေထားတဲ့အချုပ်မှာ မြန်မာ အလုပ်သမားတွေ နေရပ်ပြန်ဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီလ၂၈ ရက်ကစလို့ ဆန္ဒပြနေတယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောပါတယ်။
ဒီအချုပ်ဟာ အပြစ်ရှိတဲ့သူတွေကို ဖမ်းဆီးတဲ့အချုပ်မျိုးမဟုတ်ဘဲ ခိုးဝင်မှု၊ အထောက် အထားမစုံလင်မှု စတဲ့အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးအကျဉ်းကျခံရပြီးနောက် လွှတ်မြောက် လာသူတွေကို ထားတဲ့နေရာဖြစ်ပါတယ်။ အဲဒီကနေတစ်ဆင့် မြန်မာပြည်ပြန်ပို့တာလို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အချုပ်ထဲမှာ မြန်မာပြည်ပြန်ရမယ့်သူ ခုနစ်ရာနီးပါးရှိပြီး တချို့အလုပ်သမားတွေဟာ အချုပ်ထဲကိုရောက်နေတာ ခြောက်လဝန်းကျင်ရှိနေပြီလို့ မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံဘက်က တစ်လကို နှစ်ကြိမ်နှုန်းနဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်လေ့ရှိပြီး လက်ရှိမှာတော့ ပြန်မခေါ်တာ နှစ်လနီးပါးရှိပြီလို့ သူက ပြောပါတယ်။ ဘာကြောင့် ပြန်မခေါ်တာလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။
အချုပ်မှာ တစ်ရက်ကို တစ်နပ်ပဲကျွေးသလို အိမ်သာလုံလောက်မှုလည်း မရှိဘူးလို့ သူက ပြောပြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာအလုပ်သမားအများအပြားက ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ဆက်တိုက်ဖမ်းဆီးနေပါတယ်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် အတွင်းမှာပဲ မြန်မာအလုပ်သမား ၄၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။