ဘန်ကောက်က မြန်မာသံရုံးရှေ့ ထိုင်းနိုင်ငံသားတချို့ ဆန္ဒပြ

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံသားတချို့  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုအား ကိုင်တွယ်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံသားတချို့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်​နေ့က ​ဆန္ဒပြခဲ့စဥ်။ (Western News Photo)

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းပေးဖို့ဆိုပြီး ထိုင်းနိုင်ငံသားတချို့က ဘန်ကောက်မြို့က စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ စက်တင်ဘာလ ၂၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူ သုံးဆယ်ခန့်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုံးအရင်းဝင်ရောက်လာမှုကို ဖြေရှင်းဖို့နဲ့ ထိုင်းနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့ဆိုပြီး အဲဒီဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။

စက်တင်ဘာလ ဒုတိယပတ်အတွင်းက ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ကန့်သတ်မှုလုပ်ဖို့ အချက် ရှစ်ချက်ပါ စာတစ်စောင်ကို ထိုင်းအစိုးရကို ပေးပို့တောင်းဆိုမှုတွေ လုပ်ပြီးနောက် အခုလိုလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်လာတာလို့ မြန်မာအလုပ်သမား အလုပ်သမားအရေး ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“အခုတောင်းဆိုတဲ့သူတွေက ထိုင်းမှာ ဆန္ဒပြနေကျသူတွေပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကိစ္စတွေက နိုင်ငံရေးနဲ့ ပတ်သက်ပါတယ်။ နောက်ကွယ်က အကြောင်းအရင်းတွေရှိနိုင်တယ်”

အထူးဆောင်းပါးများ ဖတ်ရှုရန်

အချစ်နဲ့စစ် - တိုက်ပွဲကြားက ဘဝခရီးသစ်  ]

သတင်းထောက်တစ်ဦးရဲ့ ဘဝခရီးကြမ်း ]

အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်လူငယ်များ ]

ထိုင်းအမျိုးသားရေးအဖွဲ့ သုံးဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုတဲ့ စာထဲမှာတော့ မြန်မာ့ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ခွင့်မပြုဖို့၊ နိုင်ငံရေးကြောင့် ထွက်ပြေးလာရသူတွေကို သတ်မှတ်စခန်းတွေမှာသာထားဖို့၊ ထိုင်းနိုင်ငံသား ခံယူခွင့်အစီအစဉ်ကို ပြန်လည်သုံးသပ်ပေးဖို့ စတဲ့အချက်တွေ ပါ၀င်ပါတယ်။

ဘန်ကောက်မှာရှိနေတဲ့ မြန်မာသံရုံးကတော့ ထိုင်းနိုင်ငံမှာ Non-Immigrant ED Visa လို့ခေါ်တဲ့ ပညာရေးဗီဇာနဲ့ ကာလတိုသင်တန်းတွေ တက်ရောက်နေတဲ့ မြန်မာကျောင်းသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့ကစလို့ သက်တမ်းတိုးမပေးတော့ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၂၄ ခုနှစ် ပထမ ခြောက်လအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေထဲမှာ မြန်မာနိုင်ငံသားတွေက ဒုတိအများဆုံးဖြစ်တယ်လို့ ထိုင်းအစိုးရ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားပါတယ်။