ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ဆယ်ဦး ဖမ်းဆီးခံရ
2024.11.05

ထိုင်းနိုင်ငံ အလယ်ပိုင်း၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်က အုန်းခြံတစ်ခြံကို ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာလ ၄ ရက်နေ့မှာ ရှောင်တခင်၀င်ရောက်စစ်ဆေးချိန်မှာ မြန်မာအလုပ်သမားဆယ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ထိုင်းနိုင်ငံမှာ တရား၀င်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား ရှိပေမဲ့ အလုပ်ရှင်အဟောင်းကနေ အလုပ်ရှင်အသစ်ဆီ ပြောင်းရွှေ့လုပ်ကိုင်ချိန်မှာ စာရွက်စာတမ်း မပြည့်စုံတာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“မြန်မာအလုပ်သမား ဆယ်ဦးက စာရွက်စာတမ်းမစုံလင်ဘူး။ သူတို့က အလုပ်သမားနဲ့ ပတ်သတ်တဲ့ တရား၀င်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရှိတယ်။ သို့သော်လည်း အလုပ်ရှင်ဟောင်းဆီကနေ လက်ရှိလုပ်နေတဲ့ အလုပ်ရှင်အသစ်ဆီကိုပြောင်းတဲ့ အလုပ်ပြောင်းရွှေ့တဲ့ စာရွက်စာတမ်း မရှိဘူး။ အဲဒါနဲ့ ပတ်သက်ပြီးသူတို့ကို ဖမ်းဆီးလိုက်တယ်”
စာရွက်စာတမ်း မပြည့်စုံလို့ ဖမ်းဆီးခံခဲ့ရသူတွေဟာ ထိုင်းလ၀က ဥပဒေအရ ထောင်ဒဏ်တစ်လခွဲ ပစ်ဒဏ်ကျခံရနိုင်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရသူတွေကို ဘန့်ဖယောက်ရဲစခန်းမှာ ထိန်းသိမ်းထားပြီး သူတို့ကို အလုပ်ဌားရမ်းစေခိုင်းတဲ့ ထိုင်းအလုပ်ရှင်ကိုပါ ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။