အလုပ်သမား တစ်သောင်းကျော် တောင် ကိုရီးယားကို ပို့ပြီးကြောင်း ပြောကြား


2014.02.28

၂၀၁၁ ကနေ ၂၀၁၄ နှစ်စပိုင်းအထိ တောင်ကိုရီးယားနိုင်ငံကို မြန်မာနိုင်ငံသား အလုပ်သမား တစ်သောင်းကျော် ပို့ပေးပြီးဖြစ်ကြောင်း အစိုးရ အလုပ်သမားဝန်ကြီးဌာန ပြည်ပရေးရာအေဂျင်စီ ဒါရိုက်တာ ဦးဝင်းမြင့်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့၊ ရှစ်မိုင် အလုပ်သမားရေးရာရုံးမှာ ရန်ကုန်အခြေစိုက် တောင်ကိုရီးယားနိုင်ငံသံရုံးက တာဝန်ရှိသူတွေနဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ဒါရိုက်တာ ဦးဝင်းမြင့်က ပြောခဲ့တာပါ။

"ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုကို တာဝန်ပေးခဲ့တယ်၊ ဒါပေမဲ့ ချို့ယွင်းချက်တွေ အားနည်းချက်တွေ ရှိခဲ့တဲ့အတွက် အဲဒီအေဂျင်စီကို ရုပ်သိမ်းပြီးတော့ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီအနေနဲ့ နိုင်ငံတော်ကနေ တာဝန်ယူပြီးလုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အထိ လွှတ်ခဲ့တဲ့လုပ်သားဦးရေ တစ်သောင်းကျော်သွားပြီ"

ဒါ့အပြင် လာမယ့် မတ်လတတိယအပတ်မှာ မြန်မာနိုင်ငံကနေ တောင်ကိုးရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေအနေနဲ့ ကိုးရီးယားဘာသာစကား စာမေးပွဲကို ဖြေဆိုနိုင်မှာ ဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရနဲ့ မြန်မာအစိုးရတို့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကစပြီး နှစ်နိုင်ငံသဘောတူညီချက် နဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေကို စေလွှတ်နေတာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမားတွေအနေနဲ့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေးတွေမှာ လုပ်ကိုင်ကြရတယ်လို့ သိရပြီး လခအားဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ကျပ်ငွေ ၁၀သိန်းကနေ သိန်း ၂၀ လောက်အထိ ရကြတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်လိုကြသူ မြန်မာနိုင်ငံသားတွေအနေနဲ့ လေယာဉ်လက်မှတ်ခ၊ ကျန်းမာရေးထောက်ခံချက်နဲ့ အထွေထွေကုန်ကျစားရိတ် ကျပ်ငွေ ၇ သိန်းကုန်ကျမယ်လို့ သိရပါတယ်။

ဒီအတောအတွင်း စက်ရုံတချို့မှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား လုပ်ခကြေးငွေကိစ္စနဲ့ အလုပ်သမားအခွင့်ရေးဆိုင်ရာ ပြဿနာတွြေ ဖစ်နေတာဟာ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်အပေါ်  လိုက်နာမှု အားနည်းတာကြောင့်ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်လိုက်ပါတယ်၊ ဒါ့အပြင် နိုင်ငံမှာ အလုပ်သမားအားလုံးအတွက် အနည်းဆုံးလုပ်ခကြေးငွေတစ်ခု သတ်မှတ်နိုင်လိုက်ရင် ပြဿ နာတွေ ပြေလည်သွားနိုင်မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။