စစ်ကိုင်းအလုပ်သမားတွေ မထီမဲ့မြင်ပြုမှုနဲ့ ပြစ်ဒဏ်ချ


2016.07.13
myanmar-veneer-court-620.jpg Myanmar Veneer သစ်စက်ရုံ အလုပ်သမားခေါင်းဆောင်တွေကို ဇွန်လ ၁ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
Photo: Win Ko Ko Latt/ RFA

နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည် စက်ရုံက အလုပ်သမားတွေဟာ တရားရုံးကို မထီမဲ့မြင်ပြုတဲ့အတွက် ထောင်ဒဏ် တစ်လ ဒါမှမဟုတ် ငွေဒဏ် ကျပ် ငါးထောင်စီ ပေးဆောင်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။

တရားရုံးရဲ့ တရားစီရင်ရေးကို အယုံအကြည်မရှိလို့ နောက်ထပ်လည်း တရားရုံးကို ဆက်လက် ဆန့်ကျင်သွား ဦးမယ်လို့ အလုပ်သမားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

"ဒီနေ့ရုံးချိန်းမှာတော့ ကျနော်တို့ သပိတ်မှောက်ပြီးတော့ ဆန့်ကျင်တဲ့ရုံးချိန်းမှာပဲ တရားခွင်ထဲရောက်တဲ့အချိန်မှာ တရားသူကြီးက ကျနော်တို့ကို တရားရုံးက တရားစီရင်မှုကို ကျနော်တို့အနေနဲ့ မထီမဲ့မြင်ပြုတဲ့အတွက် ဆက်လက် ပြီး သပိတ်မှောက် ဆန့်ကျင်နေတဲ့အတွက်ဆိုပြီး သူ့အနေနဲ့ တရားရုံးလက်စွဲအရ တရားရုံးကို ဆန့်ကျင်တယ် ဆိုပြီး ဒဏ်ငွေငါးထောင် သို့မဟုတ် ထောင်ဒဏ်တစ်လ ဆိုပြီးတော့ တခါတည်းအမိန့်ချတယ်၊ စစ်ဆေးတာ မရှိဘူး၊ တရားရုံးက သူ့ဘာသာသူလုပ်တဲ့ အပိုင်းကတစ်ပိုင်း ကျနော်တို့က တရားရုံးကို ဆန့်ကျင်တယ်၊ ဖီဆန်တယ်၊ ဒီတရားရုံးထဲမှာ တရားမျှတမှု မရနိုင်ဘူးဆိုတာ ယုံကြည်အတွက် ကျနော်တို့အနေနဲ့ တရားရုံးကို ဆက်လက်ဆန့်ကျင်သွားဦးမှာဆိုတာကို အတိအလင်းပြောပါတယ်"

ဒီနေ့အလုပ်သမားတွေနဲ့ ဝန်းရံသူကျောင်းသား စုစုပေါင်း ၁၅ ဦးကို စတုတ္ထအကြိမ်မြောက် ရုံးထုတ် တာဖြစ်ပြီး တရားရင်ဆိုင်ဖို့ ငြင်းဆန်နေတာကြောင့် တရားသူကြီးက အခုလို အမိန့်ချမှတ်တာ ဖြစ် ပါတယ်။ သူတို့ကို မူလက စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး တရားရုံးက မစစ်ဆေးနိုင် သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးအမှု ရင်ဆိုင်နေရသူတွေကို ခြွင်းချက်မရှိလွှတ်ပေးဖို့၊ အလုပ်သမားဥပဒေတွေ ကို ပြင်ဆင်ပေးဖို့၊ လွှတ်တော်မှာအရေးကြီး အဆိုတင်သွင်းပြီး ကြားနာပွဲ ကျင်းပပေးဖို့၊ ကြားနာပွဲမှာ အလုပ်သမား ၁၅ ဦးလုံး တက်ရောက်ခွင့်ပြုဖို့တွေကိုလည်း တရားရင်ဆိုင်နေကြတဲ့ အလုပ်သမားတွေက တောင်းဆိုကြပြီး မရရင် အစာငတ်ခံဆန္ဒပြမယ်လို့ ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဥပဒေ နဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲဖို့ အမိန့်ပေးတာကိုဆန့်ကျင်မှု ပုဒ်မ ၁၄၅၊ ရုန်း ရင်းဆန်ခတ်ဖြစ်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုခံထားရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။