ရဲတွေ ရိုက်နှက်ကြောင်း အလုပ်သမားတွေ ပြောကြား
2016.06.29

စစ်ကိုင်းမြို့က Myanmar Veneer သစ်အချောထည်စက်ရုံက ဖမ်းဆီးခံထားရသူ ၁၂ ဦးကို နေပြည်တော် တပ် ကုန်းမြို့နယ်တရားရုံးထုတ်မှာ လက်ထိပ်ခတ် မခံတဲ့အတွက်ဆိုပြီး ရဲတပ်ဖွဲ့နဲ့ ထောင်ဝန်ထမ်းတွေက ရိုက်နှက် တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ လက်ထိပ်ခတ်တာကို ငြင်းဆန်လို့ဆိုပြီး အကြမ်းဖက်ရိုက်နှက်တာကြောင့် ထိခိုက်ဒဏ်ရာ ရတာတွေရှိတယ်လို့ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ကိုခိုင်မင်း က ပြောပါတယ်။
"အထွက်မှာကတည်းက ကျနော်တို့ကို ပြည်ထဲရေးနဲ့ ထောင်ဝန်ထမ်းတွေနဲ့ ပေါင်းပြီးတော့ အကြမ်းဖက်ပြီးတော့ ကျနော်တို့ကို နိုင်ထက်စီးနင်းလုပ်တယ်ပေါ့နော်၊ ကျနော်တို့အနေနဲ့က ထွက်မပြေးဘူး၊ တရားရုံးကို ရုံးထုတ်မယ် ဆိုရင်လည်း အေးအေးချမ်းချမ်းနဲ့ လိုက်မယ်လို့ ပြောတာကိုမရဘူး၊ ကျနော်တို့ အကြမ်းဖက်ခံခဲ့ရတယ်၊ "
လက်ထိပ်ခတ်တာ မခံတဲ့အတွက် ရုန်းကန်ရင်း ထိခိုက်မိတာဖြစ်တယ်လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးကြီးကိုကိုအောင်က ပြောပါတယ်။
"ကျနော်တို့ ရဲတပ်ဖွဲ့ကတော့ ရုံးအထုတ်မှာ တရားခွင်ရောက်အောင် ပို့ရမယ့်တာဝန်ရှိတယ်၊ သူတို့က အချုပ်သားတွေဖြစ်တဲ့အတွက် ကျနော်တို့က လက်ထိပ်ခတ်ပြီးထုတ်တာကို သူတို့က အခတ်မခံဘူးပေါ့နော်၊ ရုန်းရင်းကန်ရင်းနဲ့ ဖြစ်ကြတာပါ၊ ဘာမှကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး"
ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ ဝန်းရံကျောင်းသားတွေက တရားရုံးကို သပိတ်မှောက်တဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိဘဲ လာမယ့် ဇူလိုင်လ ၁၃ ရက်နေ့ကို ရုံးချိန်းရွှေ့ဆိုင်းလိုက်ပါတယ်။
ရုံးချိန်းမှာ ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က တရားရုံးအနီးမှာ လုံခြုံရေးတာဝန်ယူထားပြီး ဖမ်းဆီးခံ ထားရသူတွေရဲ့ မိသားစုဝင်တွေ၊ အားပေးတဲ့ ကျောင်းသားတွေ လာရောက်ခဲ့ကြပါတယ်။
စစ်ကိုင်းအလုပ်သမားသပိတ် ဖြိုခွဲမခံရခင် ကြားဝင်ညှိနှိုင်းဖြန်ဖြေပေးခဲ့တဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စား လှယ် ၅ ဦးအနေနဲ့ အလုပ်သမားတွေကို ကတိပေးထားတာတွေကို အကောင် အထည်ဖော်ပေးဖို့ ဖမ်းဆီးခံထားရ သူတွေကိုယ်စား ရှေ့နေ ဦးအောင်သူရိန်ထွန်းက ကိုယ်စားလှယ် တွေထံ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က စာပေးပို့ခဲ့ ပါတယ်။
နေပြည်တော်က ကိုယ်စားလှယ် ၅ ဦးက ပြည်သူ့လွှတ်တော်မှာ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး အရေးကြီး အဆိုတင်သွင်းပေးမှာဖြစ်ကြောင်း၊ အလုပ် သမားတွေ ပါဝင်တဲ့ ကြားနာပွဲပြုလုပ် ပေးနိုင်အောင် စီစဉ်ပေး မှာဖြစ်ကြောင်းတို့ကို ကတိပေးခဲ့တာဖြစ်ကြောင်းနဲ့ ကတိပေးထားတာတွေကို အကောင်အထည် မဖော်ပေးရင် တရားစွဲဆိုသွားမယ်လို့ ဦးအောင်သူရိန်ထွန်း က ပြောပါတယ်။