မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) ပြန်ဖွင့်

RFA Burmese
2024.04.30
မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) ပြန်ဖွင့် မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်ကားများ သွားလာနေသည်ကို တွေ့ရစဉ်။
Citizen Journalist

ကရင်ပြည်နယ်၊ မြ၀တီမြို့တိုက်ပွဲကြောင့် ဆယ်ရက်ကြာ ယာယီပိတ်ထားတဲ့ မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ် (၂) ကို ဧပြီလ ၃၀ ရက်နေ့ ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ဧပြီလ ၂၀ ရက်နေ့က ချစ်ကြည်ရေးတံတားအမှတ် (၂) အနီး မြဝတီမြို့ဘက်အခြမ်း ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ခလရ (၂၇၅) တပ်က စစ်ကောင်စီတပ်သား အင်အားတစ်ရာခန့်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အဲဒီတံတားကို ထိုင်းဘက်က ယာယီပိတ်ထားခဲ့တာပါ။

ဒီနေ့မနက် ၆ နာရီခွဲမှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီး မဲဆောက်ကနေ မြ၀တီကို အရင်လိုပဲ ကုန်တင်ကား တွေ စတင်သွားလာနေပြီလို့ မြ၀တီဒေသခံ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက် တံတားစဖွင့်ပြီး လောလောဆယ် ထိုင်း - မြန်မာ ကုန်ကားတွေတော့ သွားလာမှုရှိတယ်။ မနက် ၆ နာရီမှာ စပြီးဖြတ်လို့ရတယ်။ ကုန်ကားသွားလာမှု ပုံမှန်အတိုင်းတော့ ရှိတယ်“

တိုက်ပွဲကြောင့် ပျက်စီးနေတာတွေကို ပြင်နေဆဲဖြစ်သလို အင်တာနက်လည်း မရသေးတာကြောင့် အွန်လိုင်းစနစ် အစား စာရွက်စာတမ်းစနစ်နဲ့သာ ရုံးလုပ်ငန်းတွေလုပ်နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်သွယ်မှုတွေ စတင်စီးဆင်းနေပေမယ့် အကောက်ခွန်ပိုင်းမှာ စာရွက်စာတမ်းနဲ့ လုပ်ကိုင်ရတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

“အကောက်ခွန်နဲ့ ပတ်သက်ပြီးတော့ အရင်လို အွန်လိုင်းနဲ့လုပ်လို့မရဘူး။ လက်ရေးနဲ့ပဲ လုပ်လို့ရတယ်။ ခေတ်နောက်ပြန်သွားသလို ဖြစ်နေတယ်။ ဆာဗာစက်တွေကို ရွှေ့လိုက်တာထင်တယ်။ ဆာဗာစက်မရှိတဲ့အတွက် အွန်လိုင်းနဲ့ လုပ်လို့မရတော့ဘူး။ ပြီးတော့ မြ၀တီမှာ အင်တာနက်လိုင်းမရတာလည်း ပါတယ်။ အဲဒီ ဆာဗာစက် တွေက MPT အင်တာနက်နဲ့မှ လုပ်လို့ရတယ်။ အရင်တုန်းက တံတားမပိတ်ခင်တုန်းက အွန်လိုင်းနဲ့ လုပ်ထားတဲ့ အလုပ်တွေ အခုက စာရွက်စာတမ်းနဲ့ ဖြစ်သွားတော့ နည်းနည်းအခက်အခဲရှိတယ်“

အမှတ်(၂) တံတား မြန်မာဂိတ်ဘက်မှာတော့ စစ်ကောင်စီတပ်၊ ရဲ၊ လ၀ကနဲ့ အကောက်ခွန်အဖွဲ့တွေက ပုံမှန် ယူနီဖောင်းနဲ့မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ စောင့်ဆိုင်းနေတယ်လို့ ဆိုပါတယ်။

မြ၀တီမြို့တွင်းမှာတော့ ပုံမှန်အတိုင်းသွားလာနေပေမယ့် လက်ရှိအချိန်အထိ ဘဏ်အချို့ကတော့ ပြန်မဖွင့်သေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် (၂) ချစ်ကြည်ရေးတံတားကတစ်ဆင့် မြန်မာကနေ ထိုင်းဘက်ကို ပီလောပီနံခြောက်၊ ငရုတ်သီးခြောက် စတာတွေကို အဓိကပို့ကုန်အဖြစ် တင်ပို့ပြီး ထိုင်းကနေ မြန်မာဘက်ကို ဆောက်လုပ်ရေးပစ္စည်း၊ အိမ်သုံးပစ္စည်းနဲ့ စားသောက်ကုန်တွေကို အဓိကတင်သွင်းနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာဘက်အခြမ်းက ယာယီပိတ်ထားခဲ့တဲ့ အမှတ် (၁) ချစ်ကြည်ရေးတံတားကိုလည်း ဧပြီလ ၂၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။